DVB Logo
Home
မြန်မာသတင်း
အမေရိကန်ပညာရှင် ၂ ဦး ငါးလုပ်ငန်းကို ကူညီရန် ရောက်ရှိ
DVB
·
April 30, 2013
Donate to DVB

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (ယူအက်စ်အေအိုင်ဒီ) က ပညာရှင် ၂ ဦး မြန်မာပြည်ရောက်ရှိပြီး နည်းပညာအကူအညီပေးရေးကိစ္စတွေ ဆွေးနွေးနေတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

လယ်သမားမှ လယ်သမားသို့ အကူအညီပေးရေးအစီအစဉ်ဖြစ် ရောက်နေတဲ့  ပညာရှင် ၂ ဦးနဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေ ဒီနေ့ ဆွေးနွေးတယ်လို့ အသင်းအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

“လယ်သမားမှ လယ်သမား ကူညီပေးရေး ပရောဂျက်တွေ လုပ်နေတယ်။ အဲဒီပရောဂျက်တွေက နည်းပညာပိုင်းဆိုင်ရာကို သီးခြားလာပြီး အကူညီပေးတာ။ အမေရိကန်ဘက်က ကျွမ်းကျင်ပညာရှင်တွေလာတယ်။ ၂ ယောက် ရောက်နေတယ်။ တီလားဗီးယားနဲ့ ပတ်သက်တဲ့ ပညာရှင်က ၁ ယောက်။ ရေချိုပုစွန်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပညာရှင်က ၁ ယောက်။ မြန်မာပြည်ရဲ့ တီလားဗီးယားငါး မွေးမြူရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ်။ ရေချိုပုစွန်မွေးမြူရေးကို တိုးတက်အောင် ကူညီမယ်လို့ ပြောပါတယ်။”

သူတို့နဲ့အတူ အမေရိကန်ဈေးကွက်က တီလားဗီးယားလိုအပ်ချက်တွေနဲ့ ကမ္ဘာ့တီလားဗီးယားဈေးကွက် အခြေအနေတွေကို သိရတယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။

“တီလားဗီးယားဆိုတဲ့ ငါးမျိုးက မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ဈေးကွက်ကိုဖြစ်စေ၊ တခြားကမ္ဘာ့ဈေးကွက်ကိုဖြစ်စေ၊ တိုးချဲ့ပြီး မွေးမြူထုတ်လုပ်မယ်ဆိုရင် စီးပွားဖြစ်မယ့်အရာတခု၊ ကမ္ဘာ့ဈေးကွက်နဲ့လည်း ကိုက်ညီမယ်၊ စီးပွားရေးဖွင့်ပေးလိုက်တဲ့ နိုင်ငံကြီးတွေနဲ့လည်း အဆင်ပြေတဲ့ ကုန်ပစ္စည်းဖြစ်ပြီး ကျနော်တို့ လုပ်သင့်တာပေါ့။ လုပ်ရမယ့်အလုပ်ကတော့ နည်းပညာနဲ့ အရင်းနှီးလိုတာပေါ့။ ဟိုဘက် ဈေးကွက်က အဆင်သင့်ရှိနေပြီဆိုရင်တောင် အဲဒီအပိုင်းက လိုတယ်။ နည်းပညာကို လာပြီး အကူညီပေးတဲ့သူ ရှိရင်တော့ အရင်းနှီးလိုတယ်။ အရင်းနှီးနဲ့ နည်းပညာပေါင်းစပ်ပြီး ဈေးကွက်ထဲ ထည့်လိုက်ရင် အခွင့်အလမ်းတွေ ရနိုင်တယ်။”

မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြောင်းလဲဖြစ်ထွန်းမှုတွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းခဲ့ကြပြီး မြန်မာနိုင်ငံကို အကူအညီပေးဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်သွင်းဖို့ စိတ်ဝင်စားနေကြပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်တွေက အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမားနဲ့ စီးပွားရေးသံအမတ် ရန်ကုန်ကို လာရောက်စဉ်က မြန်မာနိုင်ငံကို အခွန်အထူးသက်သာခွင့် ပေးဖို့ရှိတယ်ဆိုတာကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါကြောင့် လက်ရှိဖြစ်ထွန်းမှုတွေအရဆိုရင် မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေဆီကနေ အခွန်အထူးသက်သာခွင့် ရဖို့နီးစပ်နေပြီလို့ ဦးဝင်းကြိုင်က သုံးသပ်ပြီး မြန်မာ့ရေထွက်ပစ္စည်းဟာ တခြားနိုင်ငံကရေထွက်ကုန်တွေနဲ့ အမေရိကန်ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ နီးစပ်နေပြီဖြစ်လို့ လက်ရှိ ယိမ်းယိုင်နေတဲ့ မြန်မာ့နိုင်ငံငါးလုပ်ငန်းလည်း ပြန်လည်ဦးမော့လာနိုင်တော့မယ်လို့ ခန့်မှန်း ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013