လက်ပန်းတောင်းက သိမ်းဆည်းထားသည့် လယ်ယာမြေ ပြန်ပေး
DVB
·
April 30, 2013
စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ လက်ပန်းတောင်းတောင် တုံရွာကျေးရွာအုပ်စုက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို လက်ပန်းတောင်းတောင် စီမံကိန်း အကောင်ထည်ဖော်ရေး ကော်မတီက ဒီနေ့ ပြန်ပေးနေပါတယ်။
တုံရွာ၊ အလယ်တောရွာ၊ ရွာသစ်ရွာ၊ လယ်တီစတဲ့ တုံကျေးရွာအုပ်စုက ရွာတွေကို ညောင်ပင်ကြီး-ဆားလင်းကြီးသွားတဲ့ ကားလမ်းအနောက်ဘက်နဲ့ ဆည်မြောင်းကြားထဲက လယ်ယာမြေတွေကို ပြန်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိမ်းထားတဲ့လယ်ယာမြေဧက ၇ ထောင်ကျော်ထဲကနေ ပိုလျှံနေတဲ့ ရာနဲ့ချီတဲ့ လယ်ယာမြေဧကတွေ ပြန်ပေးနေတာလို့ တုံရွာဒေသခံ ကိုမင်းက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံရွာသူတဦးကို မေးမြန်းရာမှာ သိမ်းဆည်းလယ်ဧက ၇ ထောင်ထဲက ဧက ၉၀၀ ကျော်ကို ပြန်ပေးတဲ့အထဲက ရွာသားတွေကို ဧက ၂၀၀ နဲ့ ကျန်ဧကတွေကို သစ်တောပြန်လည် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ရာမှာ အသုံးပြုမယ်လို့ပြောကြောင်း၊ ပြန်ပေးတဲ့ ဧက ၂၀၀ ခန့်ဟာလည်း ပြန်လည်စိုက်ပျိုးလို့ ကောင်းတဲ့မြေတွေမဟုတ်ကြောင်း ပြောပါတယ်။
လယ်မြေလက်မခံတာနဲ့ ပတ်သက်ပြီး တုံရွာသူက “လယ်လုပ်လို့လည်းမရဘူး။ လျော်ကြေးလည်း မယူချင်လို့ ကိုယ့်မြေကိုယ့်ယာပဲ လိုချင်တာ။ လုပ်စားလို့ကိုမရတာ၊ ထွန်မရ၊ ချောင်းရေတွေ လာရင် မျောနေတာတွေ၊ စီးဆင်းနေတာတွေကြောင့် မယူတာ။ ဘာမှလုပ်လို့မရတာ၊ ဆည်မြောင်းကနေ ကောတင်ထားတဲ့နေရာတွေလေ” လို့ ပြောပါတယ်။
ဒီလိုလယ်ယာမြေတွေ ပြန်လည်ပေးအပ်တာတွေ လုပ်ဆောင်နေတဲ့အတွက် ရွာသားတွေအနေနဲ့ အရင်ရက်တွေလို ဆန္ဒဖော်ထုတ်တာတွေ မလုပ်နိုင်ဘူးလို့လည်း ပြောပါတယ်။