ဒေါ်စူးမြာအတွက် မြေပုံစံ (၇) က ပေးသောဒုက္ခ 

၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) ရရှိထားတဲ့ မြေအပေါ်မှာ အိမ်ဆောက်လုပ်တယ်ဆိုပြီး ဒေါ်စူးမြာတယောက် တရားရင်ဆိုင်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ မုဆိုးမ ဒေါ်စူးမြာဟာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာအုပ်စု ငွေတောင်ရွာ သစ်ကျေးရွာမှာ နေထိုင်တဲ့ တိုင်းရင်းသူ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ အဲဒီကျေးရွာမှာ ငယ်စဉ်ကတည်းက သူ နေထိုင်လာခဲ့တာဖြစ်ပြီး လက်ရှိနေထိုင်တဲ့ အိမ်ဟာ အရင်က သူတောင်ယာလုပ်ကိုင်စားသောက်တဲ့ သူတို့ရဲ့ ဘိုးဘွားပိုင်မြေ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က အစိုးရလယ်ယာမြေဥပဒေ အတည်ပြုပြီးနောက် ၂၀၁၃ ခုနှစ်မှာ မြေတိုင်း စီမံချက်တွေ ကျလာလို့ သူတို့ရွာမှာရှိတဲ့ လယ်ယာမြေတွေကို  လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ  (၇) လျှောက်စေခဲ့ပါတယ်။ အဲဒီထဲမှာ ဒေါ်စူးမြာလည်း သူ့ရဲမြေကို ပုံစံ (၇)  လျှောက်ခိုင်းတဲ့အတွက် ၂၀၁၃ ခုနှစ်မှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ကို လျှောက်ခဲ့ပါတယ်။ ဒေါ်စူးမြာဟာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ရတဲ့နှစ်မှာပဲ အဲဒီမြေပေါ်မှာ နေအိမ်တည်ဆောက်ခဲ့ပါတယ်။ တကယ်တော့ ဒေါ်စူးမြာဟာ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) မြေပေါ်မှာ နေအိမ်ဆောက်လုပ်လို့ မရဘူး ဆိုတာကို မသိရှိပါဘူး။  ဒေါ်စူးမြာဟာ မြန်မာစာ မရေးတတ်၊ မဖတ်တတ်တဲ့အပြင် ဗမာစကားပင် မပြောတတ်တဲ့ ကယားလူမျိုး တောင်သူတဦးဖြစ်ပြီး ဒေသအုပ်ချုပ်ရေးပိုင်းတွေရဲ့  တိုက်တွန်းချက်အရ အဲဒီပုံစံကို (၇) စာရင်းကောက်လို့ လျှောက်ထားခဲ့သူ ဖြစ်ပါတယ်။ ခုတော့ ဒီလိုလယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) ရရှိထားတဲ့မြေပေါ်မှာ အိမ်ဆောက်လို့ဆိုပြီး ပြည်နယ်အစိုးရကနေတဆင့် မြို့နယ်ထွေအုပ်ကို ညွှန်ကြားတဲ့အတွက် ဒေါ်စူးမြာကို ၂၀၁၂ လယ်ယာမြေ ဥပဒေ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုနဲ့  အာဏာပိုင်တွေက ငွေဒဏ် ကျပ် ၉ သိန်း ပေးဆောင်ခိုင်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း မြို့နယ်ထွေအုပ်ရုံးက သူ့ကိုခေါ်ယူပြီး အခုလို ညွှန်ကြားချက်တွေကို ပြောဆိုလာရာကနေ အခု ၂၀၂၀ ပြည့်နှစ်အတွင်းမှာလည်း ၃ ကြိမ် ဆက်တိုက်‌ခေါ်ယူ သတိပေးခြင်းကို ခံခဲ့ရပါတယ်။ အခု မေလ ၁၅ ရက်မှာတော့ နောက်ဆုံးအကြိမ်ခေါ်ယူပြီး ဒဏ်ငွေကျပ် ၉ သိန်း ပေးသွင်းဖို့နဲ့ အချိန် ၁၀ ရက်သာ ပေးထားပြီး ဒဏ်ငွေ ၉ သိန်း မပေးသွင်းရင်တော့ မြို့နယ်ထွေအုပ်ရုံးကနေ  တရားစွဲဆိုမယ်လို့ ပြောဆိုလာကြောင်း ဒေါ်စူးမြာက ပြောပါတယ်။ “မြို့နယ်ရုံးက ခေါ်ရင် အရမ်းစိတ်ညစ်ရတယ်။ သုံး လေးခါလောက် ခေါ်နေပြီပေါ့။ ဟိုမှာသွားလည်း ကျမက ဗမာစကားမတတ်တော့ ပိုဆိုးတယ်။ ကျမက သူတို့ကို လျော်ကြေးပေးရမယ် ဆိုပြီးတော့ ပြောလာတယ်။ ကျမက ငွေ ၉ သိန်းကို လျှော့ပြီး တသိန်း၊ နှစ်သိန်းပဲ ပေးနိုင်တဲ့ဟာကို ပြောတော့လည်း လက်မခံဘူး။ သူတို့က ၉ သိန်းအပြည့်ပေးရမယ်လို့ ပြောလာတယ်။ ရုံးကိုသွားတဲ့အချိန်မှာ ဗမာစကားမတတ်တဲ့အခါကျတော့ သူများကို ငှားပြီးမှ သွားရတာပေါ့။ ” ငွေတောင်ရွာသစ်ကျေးရွာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိလာတဲ့ ကျေးရွာဖြစ်ပြီး ဒေါ်စူးမြာဟာလည်း အဲဒီကျေးရွာမှာ ငယ်စဉ်ကတည်းက နေထိုင်လာသူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သူ့ရဲ့ အမျိုးသား သေဆုံးသွားပြီးနောက်ပိုင်း သားသမီး ၅ ဦးနဲ့အတူ ရုန်းကန်လုပ်ကိုင် စားသောက်လာရင်း လက်ရှိနေထိုင်တဲ့အိမ်ကို တည်ဆောက်ခဲ့တာလို့ ပြောပါတယ်။ “ဒီအိမ်အဓိက ဖြစ်သွားတာကတော့ ကျမသားသမီးတွေက အပြင်မှာ အလုပ်သွားလုပ်ကြတယ်။ သူတို့ပို့လာတဲ့ ငွေကို စုပြီးမှ ကျမ ဆောက်ရခြင်းဖြစ်တယ်။ ကျမ ဒီကနေ ရှာလို့ရတဲ့ငွေ တပြားတချပ်မှ မပါဘူး။” လက်ရှိမှာတော့ ဒေါ်စူးမြာဟာ အထွေထွေအုပ်ချုပ်ရေးရုံးကို ပေးသွင်းဖို့ ငွေကြေးလည်း မတတ်နိုင်တဲ့အပြင် ဒီငွေမပေးသွင်းရင် တရားစွဲဆိုခံရမယ့် အနေအထားဖြစ်နေတဲ့အတွက် အခက်ကြုံနေရပါတယ်။ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ခူးတူရယ်ကတော့ “ဒီငွေတောင်ရွာသစ် တည်လာတာကို နှစ်ပေါင်း ၁၁၀ ကျော်ပြီပေါ့။ ဒီ ၂၀၁၂ ကျမှ တည်တဲ့ရွာမဟုတ်ဘူး။ ရွာက နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့အတွက်ကြောင့် လူဦးရေလည်း တိုးလာတယ်။ တိုးလာတဲ့အခါကျတော့ သူတို့လယ်ယာမြေပေါ်မှာ အိမ်ဆောက်ရမယ့်အထဲမှာ ရှိတယ်။ သူတို့အမြင်မှာတော့ ဒီမြေက ကျနော်တို့မြေ၊ ဒီမြေက ကျနော်တို့ ဘိုးဘွားပိုင်မြေ၊ သူတို့ နေပိုင်ခွင့်ရှိတယ်ဆိုတဲ့အကြောင်း သူတို့လာနေတာ။ ဒါက သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေး ဖြစ်တယ်ပေါ့”လို့ ပြောပါတယ်။ ဒါ့အပြင်အစိုးရက အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ မြေယာဥပဒေတွေဟာ ဒေသခံတိုင်းရင်းသားတွေအတွက် အခက်အခဲများစွာဖြစ်စေတယ်လို့လည်း  ပြောပါတယ်။ “အခုဖြစ်သွားတဲ့ဟာက ဒီပုံစံ (၇) ကို ဝတ်ကျေတန်းကျေ ထုတ်ပေးလိုက်တယ်။ ကျနော်တို့ တောင်သူလယ်သမားတွေကလည်း ဒီဥပဒေကို နားမလည်ဘူး။ ကျနော်တို့ တောင်သူလယ်သမား တွေက ဒီမြေက ငါတို့လယ်မြေ၊ လွတ်လွတ်လပ်လပ် နေလို့ရတယ်ဆိုတဲ့ဟာကို စိတ်ထဲမှာ စွဲနေပြီးသား။ ဆိုတော့ သူတို့ အိမ်ဆောက်ပစ်လိုက်တယ်။ အိမ်ဆောက်လိုက်တော့ အခုမှ တောင်သူလယ်သမားက မှားတယ်။ အခြားနည်းသုံးစွဲခွင့် မလျှောက်တဲ့အတွက် သူတို့မှာ အပြစ်ရှိတယ်ဆိုတဲ့ တဖက်သတ်စွပ်စွဲပြီးတော့ ဒဏ်ငွေတွေ ဆောင်ခိုင်းတာပေါ့။ ဒါကလုံးဝ မျှတမှု မရှိဘူး။ ” ဒီလိုသာ အရေးယူမယ်ဆိုရင် မြေပုံစံထုတ်ပေးတဲ့ မြေစာရင်းတာဝန်ရှိသူကို အရေးယူသင့်ပြီး ဒီလိုလုပ်ဆောင်တာဟာ မသိ နားမလည်တဲ့ တောင်သူတွေကို ဖိနှိပ်ရာ ရောက်တယ်လို့လည်း ခူးတူရယ်က ပြောပါတယ်။ ဒေါ်စူးမြာဟာ သူ့ရဲ့လယ်ယာမြေပုံစံ (၇) မြေအပေါ်မှာ အိမ်ဆောက်ခဲ့လို့ဆိုပြီး  လာမယ့် မေ  ၂၅ ရက်နောက်ဆုံးထားပြီး ဒီဒဏ်ငွေကို ဆောင်ရတော့မှာပါ။ ဒါပေမဲ့ မုဆိုးမတဦး ဖြစ်တဲ့အပြင်  ပုံမှန်ဝင်ငွေပင်မရှိတဲ့  သူ့အဖို့ ဒီငွေကျပ်  ၉ သိန်း ပေးဆောင်လို့ လုံးဝ မလွယ်ကူနိုင်ပါဘူး။ လက်ရှိ COVID-19 ကပ်ရောဂါ ကာလအတွင်း ပြည်သူလူထုတွေ စိတ်ဖိစီးမှုတွေ ရှိနေတဲ့အချိန် ဒီမြေယာဥပဒေနဲ့ထပ်ပြီး ဖိနှိပ်သလို ဖြစ်နေတယ်လို့လည်း ခူးတူရယ်က ဆက်ပြီးပြောပါတယ်။ “ဒီကမ္ဘာ့ကပ်ရောဂါ အလူးအလဲခံစားနေရတဲ့အချိန်မှာ တောင်သူလယ်သမားတွေအပေါ်ကို ဒီ ၂၀၁၂ ဥပဒေကို အစွဲပြုပြီးတော့ ဆက်ပြီး ဖိနှိပ်နေတာဟာ တော်တော်ရက်စက်ရာကျပါတယ်။ ဆိုတော့ ကျနော်တို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအနေနဲနဲ့ ဒီကိစ္စကို သည်းခံမှာ မဟုတ်ဘူး။ ” ဒေါ်စူးမြာရဲ့နေအိမ်ဟာ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ရှိ လွိုင်ကော်-ဖရူဆို သွားရာ လမ်းမကြီးဘေးမှာရှိပြီး ရွာမှာ သူ့တဦးတည်းကိုပဲ အရေးယူတာ ဖြစ်ပါတယ်။  သူနဲ့ တရွာတည်း နေသူတွေကို အခုလို ဥပဒေနဲ့အရေးယူတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။ သူ့အနေနဲ့ ဒီလယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ (၇) ရရှိဖို့ မြေတိုင်းဝန်ထမ်းတွေကို ငွေကြေးပေးဆောင်ရတာ ရှိသလို မြေမှတ်ပုံတင်ဖို့ဆိုပြီး ငွေကြေးတွေ ပေးဆောင်ရတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ခူးတူရယ်က  “အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပထမအကြိမ် လက်ဖက်ရည်ဖိုးဟု ဆိုကာ တစ်သောင်းကျပ် ဒုတိယအကြိမ် လက်ဖက်ရည်ဖိုးဟုဆိုကာ တစ်သောင်းခွဲကျပ်၊ တတိယအကြိမ် မြေဖိုးဟုဆိုကာ ငါးသောင်းကျပ် ပေးသွင်းခဲ့ရတယ်။ ပညာမတတ်  စာပေမတတ်လို့ဆိုပြီး တောင်းစားတာလား။ သို့မဟုတ် မသိနားမလည်လို့ဆိုပြီး အခွင့်ကောင်းယူပြီး တောင်းစားတာလား။ နိုင်ငံတော်က လစာမပေးလို့လားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာတယ်”လို့ ပြောပါတယ်။ ဒေါ်စူးမြ ာရင်ဆိုင်ကြုံတွေ့နေရတဲ့ မြေယာအခက်အခဲနဲ့ပတ်သက်ပြီး စဉ်းစားသုံးသပ်ပေးနိုင်ဖို့ အစိုးရကို ကြယ်ပွင့်မပြ မေးခွန်းတွေတင်ထားခဲ့ပေမယ့် အခုအချိန်အထိ တစုံတရာ အကြောင်းပြန်တာမရသေးဘူးလို့ ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။ ၂၀၁၂ လယ်ယာမြေ ဥပဒေ ထွက်ပြီးပြီးချင်း ဒီပုံစံကို စီမံချက်အနေနဲ့ လုပ်တောင်တာဟာ မဖြစ်သင့်ကြောင့်နဲ့ ပုံစံ (၇) ပေးသင့်မပေးသင့် တာဝန်အရှိဆုံးလူဟာ မြေစာရင်းသာဖြစ်တယ်လို့ ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။ “ကျနော်ကတော့ ဒီ ၂၀၁၂ လယ်ယာမြေ ဥပဒေ ထွက်ပြီးပြီးချင်း ဒီပုံစံကို စီမံချက်အနေနဲ့ လုပ်သွားတယ် ဆိုတာကတော့ ကျနော်တယောက်အနေနဲ့က လုံးဝ မဖြစ်သင့်ဘူးပေါ့နော်။ ဘယ်နေရာက ရွာမြေဖြစ်ပြီးတော့ ဘယ်နေရာက ယာမြေဖြစ်တယ်ဆိုတာ ရွာသားကိုယ်တိုင်က မသိသလို မြေစာရင်းကလည်း မသိဘူး။ ဆိုတော့ ပုံစံ (၇) ပေးကို မပေးသင့်ဘူးပေါ့။ ပုံစံ (၇) မပေးရဘူးလို့ ဆုံးဖြတ်ရမှာက မြေစာရင်းပဲ ဖြစ်တယ်။ တောင်သူတွေကတော့ ဒီနေရာက ရွာမြေဖြစ်တဲ့အတွက် ပုံစံ (၇) မပေးရဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း သူတို့ သိမှာ မဟုတ်ဘူးပေါ့နော်။ ပြောရမယ်ဆိုရင် မြေစာရင်းဘက်က ပိုပြီး အပြစ်များတယ်လို့ ကျနော် ပြောချင်တာပေါ့။ နောက်တခုက ဒီပုံစံ ၇ နဲ့ပတ်သက်လို့ တခြား ဖြစ်ပျက်နေတဲ့ ကိစ္စအများကြီးရှိတယ်။ ဥပမာ ရွှေ့ပြောင်းတောင်ယာတွေဆိုလို့ရှိရင် ပုံစံ (၇) မပေးရဘူးလို့ ဥပဒေက ပြောထားတယ်။ ဒါပေမယ့် ကျနော်တို့ ကယားပြည်နယ်မှာ ရွေ့ပြောင်းတောင်ယာတွေ ပုံစံ (၇) ရထားတာ ဧက ရာချီရှိတာပေါ့နော်။ ဆိုတော့ ဒါတွေကလည်း အစိုးရအနေနဲ့ ဘယ်လို ဖြေရှင်းမလဲ။ နောက်မြေစာရင်းအနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ မေးခွန်းမေးဖူးတာပေါ့နော်။ ဒါကို တိတိကျကျ ပြန်ပြီးမှ ကျနော်ကို ဖြေရှင်းချက်မပေးနိုင်ဘူးပေါ့နော်။” ဖရူဆိုမြို့နယ်ဟာ ကယားပြည်နယ်၊ လွိုင်ကော်-ဘောလခဲကားလမ်းပေါ်မှာ တည်ရှိပြီး ဒေသခံပြည်သူတွေဟာ  ဘိုးဘွားပိုင် လယ်ယာတွေအပေါ်မှာ အေးချမ်းစွာ လုပ်ကိုင်စားသောက် နေထိုင်ခဲ့ကြကာ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် စပါး၊ မြေပဲ၊ ပြောင်းကောက်တို့ စိုက်ပျိုးကြပါတယ်။ ပိုင်ဆိုင်မှု အထောက်အထား မရှိပေမယ့်  ဒေသခံတွေဟာ နှစ်ပေါင်းများစွာ ဘိုးဘွားဘီဘင် အစဉ်အဆက် လုပ်ကိုင်စားသောက်လာခဲ့ရာ  ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ပုံစံ (၇)၊ (၁၀၅) တွေ ထုတ်ပေးလာပြီး နောက်ပိုင်း အဲဒီဥပဒေတွေက ဒေသခံတွေကို အခွန်နဲ့တမျိုး၊ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်ခွင့်ကို တားမြစ်တာ တဖုံ ပြန်လည် ခြိမ်းခြောက်လာနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up