Home
မြန်မာသတင်း
စောင့်ရှောက်ထိန်းသိမ်းရန် နှောင့်နှေးခဲ့သဖြင့် လဲပြိုမြေခသွားခဲ့ရသည့် တိုင်းရင်းသားတို့ အမွေအနှစ် ပင်လောင်းဟော်နန်း 
နန်းမြနဒီ
·
May 20, 2020
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့ထဲက  ရှမ်းစော်ဘွားတို့ အစဉ်အဆက်  နေထိုင်ခဲ့ရာ ပင်လောင်းဟော်နန်းကြီးဟာ မေလ ၁၉ ရက် မွန်းလွဲပိုင်းမှာ လဲပြိုကျပြီး အလုံးစုံမြေခသွားခဲ့ပါတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က တည်ဆောက်ထားတဲ့ ပင်လောင်းဟော်နန်းဟာ ပြုပြင်မွမ်းမံမှု အားနည်းခဲ့တဲ့အတွက် တစ်စစဟောင်းနွမ်းလာပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မိုးသက်လေပြင်းကြောင့် ဟော်နန်းရဲ့ အနောက်ဘက်တခြမ်းလုံး ပြိုကျသွားခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း တစ်စတစ်စ ဆွေးမြည့်ပျက်စီးလာကာ ဒီနှစ်မှာတော့  အဆောက်အအုံရဲ့ ၅ ပုံ ၂ ပုံသာကျန်ရှိရာကနေ  မနေ့ကတော့  ဟောနန်းကြီးတခုလုံး လုံးဝလဲပြိုကျပြီး မြေခသွားပြီလို့ ပင်လောင်းဒေသခံ တစ်ဦးက ပြောပါတယ်။  “မနေ့က မိုးကြီးလေကြီးကျတာတော့ မဟုတ်ပါဘူးခင်ဗျ။ ၁၂ နာရီနောက်ပိုင်းမှ မိုးရွာပြီး လေလည်းတိုက်လာတယ်။ အဆောက်အအုံက နဂိုကတည်းက ယိုင်နဲ့နဲ့ဖြစ်နေတော့ တဖြည်းဖြည်း လဲပြိုသွားတာပါ။ အခုနောက်ဆုံးပြိုကျသွားတာကတော့ ဟော်နန်းအရှေ့ဘက်က ဘုရားခန်းပါ။ အထဲက ဘုရားဆင်းတုတော်တွေတော့ အရင်ကတည်းက ရွှေ့ပြောင်းထားပြီးပါပြီ။” ဟော်နန်းဟာ ပင်လောင်းဒေသရဲ့ သင်္ကေတ အထင်ကရ အဆောက်အဦ၊ တမူထူးခြားတဲ့ ရှေးဗိသုကာ လက်ရာတွေကြောင့် ဧည့်သည်တွေလည်း လာရောက်လည်ပတ်ကြည့်ရှုလေ့ရှိပါတယ်။ မနေ့က ဟော်နန်းလုံးဝလဲပြိုသွားချိန်မှာတော့ ပင်လောင်းဒေသခံတွေ နှမျောတသဝမ်းနည်းရတယ်လို့ ပင်လောင်းလူငယ်တဦးဖြစ်တဲ့ စိုင်းခေးက ဒီဗွီဘီကို ပြောပါတယ်။ “ဒီဟော်နန်းက ကျနော်တို့ ပင်လောင်းသားတွေရဲ့ အမွေအနှစ်ဆိုလည်း ဟုတ်ပါတယ်။ မနေ့ကလည်း ပြိုသွားတဲ့အပုံတွေကြည့်ပြီး တကယ်ဝမ်းနည်းမိတယ်။ လာကြည့်တဲ့ သူတိုင်း လိုပါပဲ။ မျက်နှာတွေညှိုးနေကြတယ်။ မပြုပြင်ဘဲထားရင် တနေ့ဒီလိုဖြစ်မှာကို သိပါတယ်။ လူကြီးတွေက ကော်မတီတွေဖွဲ့ပြီး ပြုပြင်မွမ်းမံဖို့လုပ်နေတယ်လို့တော့ ကြားတယ်။ ဘာကြောင့် ခုထိမလုပ်ဖြစ်တာ လဲဆိုတာတော့ မသိဘူး။  ဟော်နန်းမရှိတော့ရင် ပင်လောင်း သမိုင်းလည်း ပျောက်တော့မယ်လို့ ခံစားရ တယ်။” ဟော်နန်းပြုပြင်ရေးအတွက် ဖွဲ့စည်းထားတဲ့ ကော်မတီကို ဒီဗွီဘီက ဆက်သွယ်လို့မရသေး ပေမယ့် စော်ဘွားသင်္ချိုင်းတာဝန်ယူစောင့်ရှောက်ပေးနေသူ စိုင်းကောင်ခမ်းကတော့ သူသိရ သလောက် အခုလို ပြောပါတယ်။  “ကျနော်ကတော့ အုတ်ဂူသင်္ချိုင်းတွေပဲ စောင့်ရှောက်ရတယ်။ ဟော်နန်း မပါဘူး၊ သိသလောက် ပြောရရင်တော့ ဟော်နန်းပြုပြင်မွမ်းမံဖို့ ကော်မတီတရပ်ကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက ဖွဲ့စည်းထားတယ်။ သံဃာတော်နဲ့ ရပ်မိရပ်ဖတွေပါတယ်။ စော်ဘွားမိသားစုကလည်း ဟော်နန်းကို ပြုပြင်မွမ်းမံပြီး ပြတိုက်ဖွင့်ဖို့ ရှမ်းသံဃာတွေကို လှူထားတယ်လို့ပြောတယ်။ သူတို့က ဟော်နန်းကို နဂိုလက်ရာအတိုင်း ခိုင်ခံ့အောင်မွမ်းမံဖို့ အင်ဂျင်နီယာတွေနဲ့ တိုင်ပင်တာ ကျပ်သိန်းပေါင်း ၁၅၀၀ ကျော် ကုန်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျနော်တို့ပင်လောင်းမှာက အများအားဖြင့် လက်လုပ်လက်စား တောင်သူတွေ၊ ခြံသမားတွေပဲ ရှိတယ်။ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ မရှိဘူး။ နောက်တခုက ပင်လောင်းမှာ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြပြီး ဟော်နန်းက ရှမ်းစော်ဘွားပိုင်ဆိုတော့ ရှမ်းလူမျိုးတွေက အဓိကထိန်းသိမ်းဖို့ တာဝန်ရှိတဲ့အခြေအနေမှာရှိတယ်။ ပင်လောင်းမှာ ကျေးရွာပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါးရှိတာမှာ ရှမ်းရွာက ၄၀ ကျော်လောက်ပဲ ကျန်တယ်။ ရှင်းရှင်းပြောရရင် ငွေအင်အားမရှိဘူးခင်ဗျ၊  စော်ဘွားမျိုးတွေလည်း အာဏာသိမ်းခံရပြီးကတည်းက သာမန်လူလို လုပ်ကိုင်စားသောက်နေကြရတာလေ။”  အစိုးရနဲ့ အန်စီအေစာချုပ်လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်တပ်မတော် RCSS ကတော့ ဟော်နန်းကြီးမပြိုခင်ကတည်းက ပြုပြင်မွမ်းမံဖို့ လိုအပ်တဲ့ သစ်တွေအားလုံးလှူမယ်လို့ပြောခဲ့ ကြောင်း၊ ဒါပေမယ့် အဆိုပါသစ်တွေကို RCSS ထိန်းချုပ်နယ်မြေအထိ သွားသယ်ယူရမှာဖြစ်လို့  အခက်အခဲတွေရှိ နေတယ်လို့ ဆိုပါတယ်။  ပင်လောင်းသားတစ်ဦးကတော့ ကော်မတီတွေရဲ့ ဆက်သွယ်ဆောင်ရွက်မှုအားနည်း ချက်ရှိ နေကြောင်း ခုလိုဝေဖန်ပါတယ်။  “ကျနော်ကတော့ ကော်မတီဝင်တွေအချင်းချင်း စည်းလုံးမှုအားနည်းတယ်လို့ မြင်ပါတယ်။ လုပ်ပုံလုပ်နည်းမှာ အမြင်မတူတာတွေရှိတယ်လို့ သိရတယ်။ တချို့က အစိုးရဌာနဆိုင်ရာကို တိုက်ရိုက်တင်ချင်တယ်။ တချို့က ရှမ်းလက်နက်ကိုင်နဲ့ ရှမ်းစီးပွားရေးလုပ်ငန်းရှင်တွေ အကူအညီနဲ့ လုပ်ချင်တယ်။ တချို့ကပင်လောင်းဟာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဆိုတော့ ဒေသဦးစီး ခွင့်ပြုချက် ယူရမယ်ပေါ့။  ဒါပေမယ့် ပအိုဝ်းစစ်တပ်က ပဒေသရာဇ်စနစ်ကို တော်လှန်ခဲ့တာဆိုတော့ ဒီပဒေသရာဇ် ဟော်နန်းကြီးကို သူတို့ငွေအကုန်ခံပြီး လုပ်ပါ့မလားဆိုတာ စဉ်းစားစရာပါ။” ပင်လောင်းမြေဟာ သာယာလှပပြီး ပင်လောင်းဟော်ဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေအတွက် စိတ်ဝင်စားစရာနေရာတခုဖြစ်လို့ အားလုံး စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းပြီး နဂိုပုံစံတူ ဟော်နန်းတခု ပြန်လည်တည်ဆောက်စေလိုသူတွေလည်းရှိပါတယ်။ ဟော်နန်းကြီးကို အမှီပြုပြီး ပင်လောင်းဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဒေသဖွံ့ဖြိုးရေး အထောက်အကူဖြစ်လာနိုင်စရာလည်းရှိပါတယ်။   တောင်ကြီးအခြေစိုက် SYO ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းခေးလျိုကလည်း လဲပြိုသွားတဲ့ ဟော်နန်းဟာ သာမန်အနေနဲ့ကြည့်ရင်တော့ သစ်သားအဆွေးတွေမို့ ဆုံးရှုံးမှု တန်ဖိုးမရှိပေမယ့် ရှေးဟောင်းအမွေအနှစ်တန်ဖိုးနဲ့ ကြည့်မယ်ဆိုရင်တော့ ဆုံးရှုံးမှု တန်ဖိုးမဖြတ်နိုင်ကြောင်း၊ ဒါကြောင့် လူမျိုး၊ အဖွဲ့အစည်းရယ်လို့ ခွဲခြားမှုမရှိဘဲ အားလုံးစည်းစည်းလုံးလုံးနဲ့ နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်း တည်ဆောက်စေလိုကြောင်း ပြောပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန တောင်ကြီးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဘုန်းကျော်ကလည်း ရှေးဟောင်းအမွေ အနှစ်စာရင်းဝင် အဆောက်အအုံနဲ့ နေရာဒေသတွေ ပြုပြင်မွမ်းမံဖို့အတွက် နိုင်ငံတော်အစိုးရက နှစ်စဉ်ရံပုံငွေ ဘတ်ဂျက်တွေ ချထားပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေ ပြည်နယ် အစိုးရကို အဆင့်ဆင့်တင်ပြလျှောက်ထားရမှာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။  “ရှမ်းပြည်နယ်ထဲမှာ နိုင်ငံတော်က အကုန်ကျခံပြီး ပြုပြင်မွမ်းမံနေတဲ့ ရှေးဟောင်းအမွေ အနှစ်ဘုရားတွေ၊ အဆောက်အအုံတွေ၊ နယ်မြေတွေအများကြီး ရှိပါတယ်ခင်ဗျ။ ရှေးဟောင်း အဆောက်အအုံမှာလည်း ၂ မျိုးရှိတယ်။ ကျနော်တို့ဌာနက တိုက်ရိုက်တာဝန်ယူ ထိန်းသိမ်းပြုပြင်ရ မယ့် နိုင်ငံတော်စာရင်းဝင် နေရာတွေရှိမယ်။ ဥပမာ ပြဒါးလင်းဂူလိုပေါ့၊ နောက်တမျိုးက ဒေသခံနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေ တင်ပြလာတာမျိုးပေါ့။ ပြည်နယ်လွှတ်တော်က ခွင့်ပြုရင် ပြည်ထောင်စု လွှတ်တော်ဆီရောက်မယ်။ ပြီးရင်ဌာန ဆိုင်ရာတွေဆီ သွားမယ်။ အစိုးရက ဘတ်ဂျက်တွေချပေးမယ်။” ပင်လောင်းဒေသကို ရှေးကလွိုင်လုံပန်လောင်းလို့ ခေါ်ဆိုပြီး ပြိုသွားတဲ့ ပင်လောင်းဟော်ကြီး ကိုတော့ ပင်လောင်းစော်ဘွား ခွန်ခမ်းချုပ်လက်ထက်(၁၈၈၂-၁၉၃၈)က စတင်တည်ဆောက်ခဲ့ ပါတယ်။  ခွန်ခမ်းချုပ်ရဲ့ သားတော်စော်ဘွား စဝ်မိုးကျော်လက်ထက်မှာတော့ ၁၉၀၆ ခုနှစ်မှာ အဆိုပါ ဟော်နန်းကို ထပ်မံမွမ်းမံပြင်ဆင်ခဲ့ပါတယ်။ ဖဆပလ အစိုးရလက်ထက်မှာ ပဒေသရာဇ်စော်ဘွားတွေ အားလုံးအာဏာသိမ်းခံရတော့ စဝ်မိုးကျော်လည်း အာဏာစွန့်ခဲ့ရပါတယ်။ ထိုစဉ်က ဟော်နန်းတွေကို စစ်အစိုးရက ထိန်းသိမ်းပြီး တချို့ကို စစ်တပ်၊ အချို့ကို ဟိုတယ်၊ အချို့ကို အစိုးရရုံးတွေ၊ အချို့ကို ပြတိုက်တွေ ပြုလုပ်ခဲ့ပါတယ်။  Photo:  Sai Kaung Kham
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024