Home
မြန်မာသတင်း
တောင်ကိုရီးယားနိုင်ငံတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် 
DVB
·
May 20, 2020
ကမ္ဘာ့ကပ်ရောဂါတခုဖြစ်တဲ့ COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကာလ ၂ လအကြာ ဒီကနေ့မှာ တောင်ကိုရီးယားနိုင်ငံတဝန်းက ရာထောင်ချီတဲ့ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေဟာ ခန္ဓာကိုယ်အပူချိန် တိုင်းတာတာတွေ၊ လက်ဆေး သန့်စင်ရည်နဲ့ သန့်စင်ရတာတွေအပါအဝင် စစ်ဆေးမှုတွေကို တန်းစီလုပ်ဆောင်ပြီးမှ ကျောင်းထဲကို ဝင်ရောက်နေကြရတာပါ။ ဆိုးလ်မြို့၊ ချွန်းဘုတ်အထက်တန်းကျောင်းမှ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ အိုချန်ဝှာက “သူငယ်ချင်းတွေနဲ့ ဆရာဆရာမတွေကို မျက်နှာချင်းဆိုင် ခုလိုတွေ့ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတယ်။ ဒါပေမယ့် ရောဂါပိုး ကူးစက် ပျံ့ပွားမှု ထိန်းချုပ်ဖို့ ကျောင်းက တင်းတင်းကြပ်ကြပ် ချမှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေကိုတော့ လိုက်နာရပါတယ်”လို့ ပြောပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ခဲ့တဲ့ COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တောင်ကိုရီးယားနိုင်ငံဟာလည်း ကမ္ဘာနိုင်ငံတွေနည်းတူ ရိုက်ခတ်ခဲ့ပြီး မတ်လ အစောပိုင်းမှာ ပြန်လည်ဖွင့်လှစ်ရမယ့် ကျောင်းဖွင့်ချိန်ဟာ ကြန့်ကြာနေခဲ့ရတာပါ။ ခုချိန်မှာတော့ “သဲလွန်စရှာ၊ စမ်းသပ်စစ်ဆေး၊ ကုသ”အစီအစဉ်နဲ့အတူ ရောဂါထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ်စာသင်နှစ်မှာတော့ လာမယ့် ဒီဇင်ဘာလမှာ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုကြရမယ့် ကျောင်းသူကျောင်းသားဦးရေ ၄၄,၀၀၀ လောက်ရှိနေပြီး သူတို့ဟာ ကပ်ကာလအတွင်း ပထမဆုံးအကြိမ် စာသင်ခန်းတွေထဲ ပြန်လည်ရောက်ရှိလာကြတာပါ။ ကျန်တဲ့ အတန်းတွေလည်း သီတင်းပတ်အလိုက် ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ စာသင်ကျောင်းအဆောက်အအုံတွေမှာ ကျောင်းသားတွေဟာ ခပ်ခွာခွာနေ ထိုင်ရတဲ့ စည်းမျဉ်းကို လိုက်နာကြရပြီး ခုံတွေကို အကန့်လိုက် ခွဲခြားထားတာတွေ၊ စာရေးစားပွဲနဲ့ ထိုင်ခုံတွေကို သန့်စင်မှုတွေကိုပါ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား ပညာရေးဝန်ကြီး ယိုအွန်ဟဲကတော့ “ကျောင်းတွေမှာ ရောဂါ ကူးစက်နိုင်ခြေ အနည်းအကျဉ်းတော့ ရှိနေနိုင်ပြီး ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှ ခန့်မှန်းလို့မရတဲ့ အနေအထားပါပဲ”လို့ ပြောပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ ခုသီတင်းပတ်အတွင်းမှာ စတင်ပြီး ကျောင်းတွေအတွက် ၂၄ နာရီ အရေးပေါ်ဆေးဝါးကုသစောင့်ရှောက်မှုပေးဖို့ ပြင်ဆင်ထားပြီး ဗိုင်းရပ်စ် ကူးစက်ခံရမှု အခြေအနေသစ် တစုံတရာဖြစ်ပေါ်လာရင် ချက်ချင်းပိတ်ချပစ်လိုက်ဖို့ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ နောက်ဆုံးနှစ်ကျောင်းသားတွေ ကျောင်းကို နေ့တိုင်း လာရောက်တက်ကြဖို့ လိုအပ်ပေမယ့် ငယ်ရွယ်တဲ့ကျောင်းသားတွေကိုတော့ စာသင်ကျောင်းမှာ မလိုလားအပ်တဲ့ လူစုလူဝေး မဖြစ်ပေါ်စေဖို့ အွန်လိုင်းကနေတဆင့် သင်ကြားတဲ့ အချိန်နဲ့ အွန်လိုင်း ပြင်ပ သင်ကြားမှုတွေကို ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024