DVB Logo
Home
မြန်မာသတင်း
တရုတ်စစ်လေယာဉ် မရရှိဟု ယူဒဗလျူအက်စ်အေ ငြင်းဆို
DVB
·
April 30, 2013
Donate to DVB

တရုတ်နိုင်ငံအကူအညီနဲ့ စစ်ရဟတ်ယာဉ်တွေ ရရှိတယ်လို့ စစ်သတင်းအသားပေး ဂျိမ်းစ် လစဉ်ထုတ်ဂျာနယ်ရဲ့ရေးသားချက်အပေါ် “၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) က ငြင်းလိုက်ပါတယ်။

ဖေဖော်ဝါရီနဲ့ မတ်လမှာ ဝေဟင်ပစ်ဒုံး တီဝိုင်-၉၀ (TY-90)နဲ့ အလယ်အလတ် သယ်ဆောင်ရေး Mil Mi-17 ရဟတ်ယာဉ်တွေကို တရုတ်က ယူဒဗလျူအက်စ်အေအဖွဲ့ကို ပေးခဲ့တယ်လို့ တိုင်းရင်းသားတွေနဲ့ အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီးတော့ ဧပြီ ၂၉ ရက်ထုတ် ဂျိမ်းစ် လစဉ်ထုတ်ဂျာနယ်မှာ ရေးသားထားပါတယ်။

ဒီရဟတ်ယာဉ်တွေကို တရုတ်မှာ လေ့ကျင့်ထားတဲ့ ယူဒဗလျူအက်စ်အေ က လေယာဉ်မှူးတွေက မောင်းတာလား၊ တရုတ်လေယာဉ်မှူးတွေက မောင်းတာလား ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ ဂျိမ်းဂျာနယ်က ရေးပါတယ်။

Mi-17 ရဟတ်ယာဉ် ၅ စင်းကို တရုတ်ကနေ တိုက်ရိုက်မဟုတ်ဘဲ လာအိုဘက်က တဆင့် မဲခေါင်မြစ်ကို ဖြတ်ပြီးတော့ ယူဒဗလျူအက်စ်အေအဖွဲ့ ထိန်းချုပ်ရာနယ်မြေကို ပေးပို့ခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင် သတင်းရင်းမြစ်ကို ကိုးကားထားသလို မြန်မာစစ်တပ်ကတော့ ၂ စင်းပဲ ပေးပို့ခဲ့တယ်လို့ အတည်ပြုနိုင်တဲ့အကြောင်း အစိုးရ သတင်းရင်းမြစ်ကို ကိုးကား ရေးသားထားပါတယ်။

ယူဒဗလျူအက်စ်အေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကို မေးမြန်းရာမှာတော့  ဒီသတင်း မှားယွင်းတယ်လို့ ဖြေဆိုပါတယ်။

“မောင်းတတ်တဲ့လူလည်းမရှိ၊ နားလည်သူလည်းမရှိ ဘယ်သူက လာထောက်ပံ့မှာလဲ။ သတင်းကမဖြစ်နိုင်တဲ့ သတင်းပါ။ အပြင်က ပြောပြောနေတဲ့ ယူဒဗလျူအက်စ်အေက တရုတ်ကထောက်ပံ့တာတွေ သုံးတယ် ဆိုတဲ့ သတင်းတွေကတော့ အများကြီးပေါ့။ ဒါတွေက အရင် ဗကပ ခေတ်ကတည်းက လက်နက်တွေအများကြီးပါ။ ဒီသတင်းတွေ. ၀ ကို ရဟတ်ယာဉ်တွေ ထောက်ပံ့တယ်၊ ပေးတယ်ဆိုတဲ့ သတင်းတွေထုတ်တဲ့သူ ကိုယ်တိုင်က ဘာလို့ ထုတ်လဲဆိုတာ စဉ်းစားစရာပဲ။ ၀ မှာက ပညာတတ်တွေလည်း မရှိဘူး။ ရဟတ်ယာဉ်မောင်းတတ်တဲ့ အင်ဂျင်နီယာလို အတတ်ပညာရှင်တွေလည်း ရှိမှမရှိဘဲ။ သတင်းထုတ်တဲ့သူကို ပြန်မေးရမယ်၊ ဘာသဘောနဲ့ ဒီ သတင်းထုတ်လဲဆိုတာ။”

ဒီသတင်းသာ မှန်မယ်ဆိုရင်တော့ ရုရှားဆီကနေ မကြာခင်ကမှရရှိခဲ့ပြီးတော့ ကချင် လွတ်လပ်ရေးတပ်မတော်ကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ Mi-24Pကို TY-90 ဒုံးကျည်က တားဆီးနိုင်မယ်လို့လည်း ဂျာနယ်မှာရေးပါတယ်။

တီဝိုင်-၉၀ (TY-90)ဟာ ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်နိုင်တဲ့ ပေါ့ပါးတဲ့ တရုတ်လုပ် ဝေဟင်ပစ် ဒုံးကျည်အမျိုးအစား ဖြစ်ပါတယ်။

ဒီသတင်းဖော်ပြချက်အပေါ် ရန်ကုန်အခြေစိုက် တရုတ်သံရုံးကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူတဦးက မဖြစ်နိုင်ဘူးလို့ ပြောဆိုပါတယ်။

ဒီလို လက်နက်တွေအပြင် လူသယ်ဆောင်နိုင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် (MANPADS) ကိုလည်း ယူဒဗလျူအက်စ်အေအဖွဲ့က တရုတ်ဆီကနေ တဆင့် ၂၀၀၁ မှာ တပ်ဆင်ခဲ့တယ်လို့  ဒီဂျာနယ်က အရင်က ရေးသားခဲ့ပါတယ်။

တရုတ်ဆီကနေ လက်နက်တပ်ဆင်ထားတဲ့ ယာဉ်တွေကို ယူဒဗလျူအက်စ်အေအဖွဲ့က ရရှိထားတယ်ဆိုတဲ့ ဒီဇင်ဘာလထုတ် ဂျိမ်းဂျာနယ်ရဲ့ ရေးသားချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်န၀ါရီလတုန်းက ငြင်းဆိုခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013