ချဲလ်ဆီးကစားသမား ဟက်ဆန်အိုဒွိုင်း  အဓမ္မပြုကျင့်မှု သံသယဖြင့် ဖမ်းဆီးခံရ

ဓာတ်ပုံ - ဂတ်တီ
ချဲလ်ဆီး တောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်းဟာ အဓမ္မပြုကျင့်မှု သံသယနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ သူ့အိမ်ကို ဖိတ်ခေါ်ခဲ့တဲ့ အမျိုးသမီးတဦးဟာ ဆေးရုံတက်ရောက်ခဲ့ရပြီးနောက် အခုလို ဖမ်းဆီးခံခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ အသက် ၁၉ နှစ်အရွယ် ကစားသမားကို အာမခံနဲ့ ပြန်လွှတ်ပေးထားပြီး သူဟာ ဇွန်လမှာ ရဲစခန်းကို ထပ်မံသွားရောက်ရဦးမှာ ဖြစ်ပါတယ်။ ဒီကိစ္စမှာပါဝင်တဲ့ အမျိုးသမီးဟာ အိုဒွိုင်းနဲ့ အွန်လိုင်းကနေ တွေ့ခဲ့တယ်လို့ ယူဆရပြီး တနင်္ဂနွေနေ့မနက် အစောပိုင်းက သူမဟာ အဓမ္မကျင့်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့ လူနာတင်ကားတို့ကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။  အမျိုးသမီးတဦးက ရဲတပ်ဖွဲ့နဲ့ လန်ဒန်လူနာတင်ယာဉ် ဝန်ဆောင်မှုတို့ကို မေ ၁၇ ရက် မနက် ၃ နာရီ ၅၃ မိနစ်မှာ ဖုန်းဆက်အကူအညီတောင်းခံခဲ့တယ် လို့ မက်ထရိုပိုလီယမ်ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ “အရေးပေါ်အဖွဲ့ ရောက်ရှိသွားချိန်မှာ ဒီအမျိုးသမီးက သူမဟာ အဓမ္မမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် သူ့ကို ဆေးရုံပို့ခဲ့ရပါတယ်။ အခင်းဖြစ်ရာနေရာမှာရှိနေတဲ့ အမျိုးသားတဦးကို ဒီအဓမ္မမှုမှာ သံသယရှိမှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဇွန်လအလယ်ပိုင်းမှာ ပြန်လည်စစ်ဆေးဖို့အတွက် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။” The Sun သတင်းမှာ ဖော်ပြထားချက်အရ အိုဒွိုင်းဟာ အမျိုးသမီးကို သူ့အိမ်ကို လာရောက်နိုင်စေဖို့အတွက် Lockdown သတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။ အိုဒွိုင်းနဲ့ ဒီအမျိုးသမီးဟာ ရိသဲ့သဲ့ မက်ဆေ့ချ်တွေ အပြန်အလှန် ပေးပို့ခဲ့ကြတယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။  “အမျိုးသမီးဟာ အိုဒွိုင်းရဲ့အိမ်ကို စနေနေ့ညနေပိုင်းကတည်းက ရောက်ရှိနေတာဖြစ်ပြီး သူဟာ Love Island ထဲက မိန်းကလေးတွေလို တော်တော်လေး လန်းတယ်” လို့လည်း အိုဒွိုင်းရဲ့ အိမ်နီးချင်းတဦးက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်ဟာ အိုဒွိုင်းအတွက် အဆင်မပြေတဲ့ နှစ်တစ်နှစ်လို့ သတ်မှတ်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လတုန်းကလည်း သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပထမဆုံးသော အင်္ဂလန် လက်ရွေးစင်ကစားသမား ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး သုံးပတ်အကြာမှာမှ သူဟာ အပြည့်အဝ ပြန်လည်သက်သာလာပြီလို့ ထုတ်ပြန်ကြညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up