ဂန့်ဂေါမြို့နယ်က ပြိုကျသွားသည့် တိုက်နယ်ဆေးရုံကို အဖွဲ့စုံ သွားရောက်စစ်ဆေး
Aung Ko Latt
·
May 19, 2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာ၊ ဂန့်ဂေါ-ကလေး ကားလမ်းဘေးရှိ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ မျက်နှာကြက်ဟာ မေလ ၁၈ ရက်နေ့ နေ့လည်ပိုင်းက လေမတိုက်၊ မိုးမရွာ၊ ငလျင်မလှုပ်ဘဲ သူ့အလိုလို ပြိုကျပျက်စီးသွားပါတယ်။
ပြိုကျစဉ် ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေသူ လူနာ ၉ ဦးရှိခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီအခြေအနေကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက မေလ ၁၉ ရက်နေ့မှာ သွားရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို ထပ်မံတင်ပြကာ လိုအပ်တာတွေ လုပ်ဆောင်သွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
"အဆောက်အအုံက ဆောက်လုပ်စဉ်က အရည်အသွေးမမှီတဲ့ ပစ္စည်းတွေ သုံးစွဲခဲ့တာကြောင့် မခိုင်လို့ ပြိုကျတာပေါ့။ ဒါနဲ့ပတ်သက်လို့ မြို့နယ်အဆင့် အဖွဲ့စုံနဲ့ ဒီနေ့ပဲ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးခဲ့တယ်။ အစီရင်ခံစာရေးပြီး လိုအပ်တာတွေတော့ ဆက်လက်လုပ်ဆောင်သွားမှာပါ" လို့ သွားရောက်စစ်ဆေးခဲ့သူ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
အမျိုးသမီးလူနာဆောင် မျက်နှာကြက်က ၂ ခန်းပြိုကျခဲ့တာဖြစ်ပြီး နောက်ထပ်ကျန်နေတာ တွေကလည်း ပြိုကျနိုင်ချေ ရှိနေပါသေးတယ်။ လက်ရှိမှာတော့ စုံစမ်းစစ်ဆေးနေပြီး အန္တရာယ်ရှိ အဆောက်အအုံ အဖြစ်တော့ သတ်မှတ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။
အဆိုပါဒီတိုက်နယ်ဆေးရုံကို မကွေးစတားကုမ္ပဏီက တင်ဒါအောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ကာ ၂၀၁၅ ခုနှစ်မှာ ဌာနကိုလွှဲပြောင်း ဖွင့်လှစ်ခဲ့ပါတယ်။ ငွေကျပ်သန်းပေါင်း ဘယ်လောက် သုံးစွဲခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
လက်ရှိမှာ အမျိုးသမီးဆောင်က လူနာတွေကိုတော့ တခြားနေရာကို ပြောင်းရွှေ့ကာ ကုသပေးနေပါတယ်။ မြောက်ခင်ရန်းကျေးရွာက ဘူးလက်လှဆွေလို့ လူသိများတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနေထိုင်တဲ့ ရွာဖြစ်သလို လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်ရဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
မြောက်ခင်ရန်းနဲ့ မဝေးတဲ့ ဟံသာဝတီကျေးရွာမှာ တိုက်နယ်ဆေးရုံရှိပြီးသားဖြစ်လို့ ဒီဆေးရုံတည်ဆောက်စဉ်ကလည်း ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ သူနာပြုတက္ကသိုလ်ဝင်းထဲက ၄ ထပ်ဆောင်မှာ အကြီးစားပြိုကျမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။