အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းခွဲရှိ၊ သေဆုံးသူ ၉ သောင်းရှိလာ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၁ သန်းခွဲထိ ရှိလာခဲ့ပြီး သေဆုံးသူ ၉၀၀၀၀ အထိ ရောက်ရှိလာခဲ့ပြီလို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် သုတေသနစစ်တမ်းမှာ ဖော်ပြပါတယ်။ ဘောလ်တီမိုးအခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က အချိန်သီတင်းပတ် တစ်ပတ်အတွင်းမှာပဲ သေဆုံးသူအရေအတွက်ဟာ ၁၀၀၀၀ အထိ ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စာရင်းအင်းဝက်ဘ်ဆိုက်ဒ်တခုဖြစ်တဲ့ Worldometer မှာတော့ အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုနဲ့ သေဆုံးမှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပေမယ့် ဘယ်လ်ဂျီယံ၊ စပိန်၊ ဗြိတိန်၊ အီတလီနဲ့ ဆွီဒင်နိုင်ငံတွေကတော့ တဦးချင်း သေဆုံးမှုနှုန်းမှာ ပိုမိုများပြားတယ်လို့ ဖော်ပြပါတယ်။ ဂျွန်ဟော့ပ်ကင်းတ က္ကသိုလ် သုတေသနစစ်တမ်းအရ နယူးယောက်ပြည်နယ်တခု တည်းမှာတင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၈,၃၀၀ ထက်မနည်း ရှိခဲ့ပြီး ဒါဟာ တနိုင်ငံလုံးသေဆုံးသူဦးရေရဲ့ ၃ ပုံ ၁ ပုံနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လာမယ့် ဇွန်လ ၆ ရက်အထိ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ ဦးရေဟာ ၁၁၂,၀၀၀ ယောက်ထိ ရှိလာနိုင်တယ်လို့ မက်ဆာ ချူးဆက်တက္ကသိုလ်လေ့လာမှုတခုက ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံက စတင်ခဲ့တဲ့ COVID-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တကမ္ဘာလုံးမှာတော့ သေဆုံးသူ ၃၁၆,၀၀၀ ယောက်ထက်မနည်း ရှိခဲ့ပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up