Home
ဆောင်းပါး
ထွန်းထွန်းနဲ့ ချိုချိုက ပေးတဲ့ သင်ခန်းစာ
DVB
·
May 19, 2020
“ဖို-မ ကိစ္စ ပညာရေး” အကြောင်းကိုတော့ များများမသိပါဘူး။ ဒါပေမဲ့ ‌ခေတ်တိုင်းခေတ်တိုင်း ယဉ်ကျေးမှုတိုင်းမှာတော့ သူ့အထွာနဲ့သူ ဖို-မကိစ္စ ပညာရေးတွေ ရှိကြပါတယ်။ ဖို-မ ပညာရေးကိစ္စဟာ လူထုနဲ့ သိပ်စိမ်းလှတယ်တော့ မဟုတ်ပါဘူး။ ဆိုရိုးစကားတွေ၊ စကားပုံတွေထဲမှာလည်း ပါရှိနေတာကို တွေ့ရတတ်ပါတယ်။ ပုံဆောင်ဥပမာတွေ၊ ၅၅၀  နိပါတ်တော်တွေထဲမှာလည်း သူ့နည်းနဲ့သူ့ဟန် သင်ကြားပေးခဲ့ကြတဲ့ ဇာတ်တော်တွေ ရှိကြစမြဲပါ။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ဆုံးမစာတွေအဖြစ် ကောက်ယူလာခဲ့တဲ့အတွက် တချို့လည်း သတိမပြုမိတာတွေလည်း ရှိနိုင်ပါတယ်။ “အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထားတော့ ကြိုးချင်းငြိ”၊ “သဒ္ဓါလွန်တော့ တဏှာကျွန်” ဆိုတဲ့ ဆိုရိုးစကားတွေဟာလည်း ဖို-မ ကိစ္စ ပညာရေးတခု ဖြစ်ခဲ့တာပါပဲ။ ဒီလိုပါပဲ ၅၅၀ နိပါတ်တော်မှာလည်း ဆိတ်ငြိမ်ရာအရပ်မှာ တဏှာမျက်စိက အသက်အရွယ်ကိုပင် ကျော်လွန်ပြီး မှောက်မှားတတ်ကြောင်း ဖော်ပြခဲ့တဲ့ နိပါတ်တော်တွေလည်း ရှိပါတယ်။ ဆိတ်ကွယ်ရာမှာ ငယ်ရွယ်နုပျိုသူနဲ့ အဘိုးအိုဆိုပြီး အတူမရှိသင့်ကြောင်း ပုံဆောင်ဥပမာတွေလည်း ရှိခဲ့ကြတာပါပဲ။ တဏှာရှေ့ဆောင်လာပြီဆိုရင် ဘုရင်ကိုတောင် ပစ်ပယ်ပြီး ကိုယ်အင်္ဂါမစုံတဲ့ ဇရပ်ပေါ်မှာတွေ့တဲ့သူနောက် လိုက်ပြေးသွားတဲ့ ‘ပဒုမပေါင်တို’ ဇာတ်လမ်းတွေလည်း ရှိခဲ့တာပဲ မဟုတ်လား။ သူ့ခေတ် သူ့ကာလ သူတို့လူမှုရေးစံနဲ့ ကိုက်ညီခဲ့တဲ့ ဖို-မကိစ္စ ပညာရေးတွေ ရှိခဲ့ကြတာပါပဲ။ ယဉ်ကျေးမှုတွေ ဘယ်လောက်ကွဲကွဲ ဖို-မ ဆက်ဆံရေးကိစ္စတွေကတော့ ခေတ်တိုင်းရှိနေမှာပဲ။ ရှက်စရာတွေလို့ ယူဆပြီး ဖုံးကွယ်ထားကောင်းတဲ့အရာတော့ မဟုတ်ပေဘူး။ ဘယ်အရွယ်မှာ ဘယ်အတိုင်းအတာထိ ပညာပေးမလဲ။ ဘယ်လိုပညာပေးကြမလဲ ဆိုတာပဲ အခြေခံကျမှာပါ။ အရွယ်နဲ့အချိန်သင့်ပြီး ဖို-မ ပညာရေးကို သင်ကြားကြရမှာပါ။ အရွယ်ရောက်စ စူးစမ်းလိုစိတ်ရှိတဲ့အချိန်ဟာ အသင့်အလျော်ဆုံးကာလလို့ ဆိုကြပါတယ်။ ကလေးငယ်ဟာ အစစအရာရာ သင်ယူနေချိန်မှာ လူကြီးသူမတွေရဲ့ အပြုအမူတွေဟာ သတိထား ရှောင်ကြဉ်ကြရမှာ ဖြစ်တာကြောင့် ဖို-မ ပညာရေးဟာ လူကြီးမိဘတွေပါ သိထိုက် လေ့လာထိုက်တဲ့ အကြောင်းခြင်းရာတွေ ဖြစ်လာခဲ့ပါတယ်။ မကြာခင်က လူမှုကွန်ရက်ပေါ်မှာ ပြန့်နေတဲ့ သက်ငယ်မဖွယ်မရာပြုကျင့်မှုတွေဟာ ဖို-မ ပညာရေးကင်းမဲ့မှုတွေကို ဖော်ပြနေတာလို့ ဆိုနိုင်တယ်။ အရွယ်ရောက်ခြင်း မရောက်ခြင်း၊ ပညာတတ်ခြင်း မတတ်ခြင်းနဲ့လည်း မဆိုင်တတ်ပေဘူး။ အရွယ်ရောက်ပြီးသူ အချင်းချင်းနဲ့ အရွယ်မရောက်သေးသူ အချင်းချင်းတို့ အကြားမှာလည်း ဖြစ်တတ်တဲ့သဘာဝ ရှိတတ်ပါတယ်။ တခါတရံ ပတ်ဝန်းကျင်အပေါ်မှာလည်း ကလေးငယ် သင်ယူစိတ်ဟာ တည်မှီနေတတ်ပါတယ်။ အထူးသဖြင့် အိမ်တန်းလျားမှာ နေထိုင်သူတွေနဲ့ စုပေါင်းအိမ်ရာ နေထိုင်သူတွေအကြားမှာ ကလေးငယ်တွေရဲ့ မှားယွင်းသင်ယူမှုမျိုးကို တွေ့ကြုံရတတ်ပါတယ်။ ဗစ်တိုးရီယားလေးရဲ့ မဖွယ်မရာအပြုခံရတဲ့ အမှုကိစ္စမှာ ဒီသဘောတွေ အများကြီး တွေ့ရပါတယ်။ အခုပြောချင်တာက ခုတလော လူမှုကွန်ရက်မှာပြန့်နေတဲ့  ထွန်းထွန်းနဲ့ ချိုချိုကိစ္စပါ။ သင်ရိုးတခုလို့ ဆိုပါတယ်။ ပြဋ္ဌာန်းစာကို ဖတ်ကြည့်တော့ ဝေဖန်နေသူတွေ ပြောသလောက် မဆိုးဘူးလို့ ထင်ပါတယ်။ ကျနော့်အမြင်ကို ပြောတာပါ။ ငြင်းဆန်ခွင့် ရှိပါတယ်။ ငါပြောအမှန်ဆိုတဲ့ တယူသန်စိတ် မရှိပါဘူး။ ကျန်တဲ့ လိင်ပညာပေး ပြဋ္ဌာန်းစာတွေကိုတော့ ရှာမဖတ်မိပါဘူး။ ‘ထွန်းထွန်းနဲ့ချိုချို’ ဆိုတဲ့ ဖေ့စ်ဘွတ်ခ်မှာ တွေ့တာကိုပဲ ဖတ်ဖူးတဲ့အကြောင်း ကြိုတင်ဝန်ခံထားပါ့မယ်။ ဒီစာအရဆိုရင်တော့ သင်ရိုးပုံစံ ပြောင်းထားတာကို တွေ့ရတယ်။ ကျောင်းသားအခြေပြု သင်ကြားရေး ဖြစ်တဲ့အတွက် ရှေးကဆုံးမစာတွေလို ဝါဒဖြန့်ချိရေးစာတွေလိုတော့  ဆောင်ပုဒ်လိုလို၊ ကြွေးကြော်သံလိုလို၊ နီတိလိုလိုတွေတော့ မပါဘူးပေါ့။ အဆုံးသတ်မှာ “အိမ်ဘေးမှ အဒေါ်ကြီး ရောက်မလာပါက သူတို့နှစ်ဦး မည်သည့်အဆင့်ထိ ရောက်သွားစေနိုင်သနည်း” တဲ့။ စာသင်သားကိုယ်တိုင် စဉ်းစားပြီး အဖြေထုတ်ခိုင်းထားတဲ့ပုံပါ။ ဒါကို အဖြေပေးရမယ့် စာသင်သားဟာ ပေးထားချက်တွေအပေါ် ထောက်ရှုပြီး လွတ်လွတ်လပ်လပ် အဖြေရှာ စဉ်းစားကြရမှာပါ။ ပေးထားချက်မှာ ထောက်ရှုစရာတွေက... ကလေးတွေဟာ လိင်မတူဘူး။ ခက်ခဲတဲ့ရည်ရွယ်ချက်ကိုယ်စီ ရှိတယ်။ အနေနီးတယ်။ ရင်းနှီးတယ်။ ‘အိုးချင်းထား အိုးချင်းထိ’တတ်တဲ့ လူ့သဘာဝကလည်း ရှိတယ်။ သူငယ်ချင်းတွေက သမီးရည်းစားအဖြစ် စနောက်တာကိုလည်း နှစ်ဦးစလုံးက သာယာတဲ့သဘော ရှိတယ်။ ဒီမှာ ပတ်ဝန်းကျင်သဘော ပါလာပြီ။ ချိုချို့မိဘတွေ အပြင်သွားတယ်။ ချိုချိုတယောက်တည်း အိမ်မှာ ကျန်ခဲ့တယ်။ စာကျက်တယ်။ ထွန်းထွန်း ရောက်လာတယ်။ နှစ်ယောက်တည်းရှိတဲ့ အိမ်ကြီးထဲမှာ တိတ်ဆိတ်နေတယ်။ ‘ဆိတ်ငြိမ်ရာ အခြေအနေ’မှာ ရှိတယ်။ နှစ်ယောက်သားကလည်း ‘မစွမ်းရင်း စွဲကလည်းရှိ’နေတဲ့ အခြေအနေပါ။ အဲဒီအချိန် မိဘက အပ်ထားခဲ့တဲ့ အဒေါ်ကြီး ရောက်လာတာဟာ မိဘနဲ့ဆိုင်တဲ့ လိင်သဘာဝပညာရေးအသိကို ဖော်ပြထားတာ။ ဒီပေးထားချက်အားလုံးဟာ စာသင်သား ဖြေဆိုရာမှာ ဆင်ခြင်သုံးသပ်ပြီး ကောက်ချက်ပေးရမှာတွေပါ။ ဒီပေးထားချက်တွေထဲမှာ မိဘရဲ့လိင်သဘာဝအသိ၊ ပတ်ဝန်းကျင်လှုံ့ဆော်မှု၊ စိတ်ကစားတတ်တဲ့အရွယ်ရဲ့ ခံစားမှု၊ လိင်သဘာဝထကြွရန် လှုံ့ဆော်တတ်သော ဆိတ်ကွယ်ရာနဲ့ နှစ်ဦးသားရှိနေမှု အခြေအနေတွေ ပါဝင်နေတယ်။ ဒီအချက်တွေကို စာသင်သားဟာ အဖြေရှာဖို့ ဆင်ခြင်စဉ်းစားရင်း သူ့အသိထဲ သူ့ဘာသာ ရောက်ရှိသွားစေပါတယ်။ သူ့အလိုအလျောက် ဆင်ခြင်ပြီး ဖြစ်သွားစေပါတယ်။ ဇာတ်လမ်းနောက်လိုက်သူအဖို့ကတော့ ဇာတ်လမ်းကထွက်ပြီး ဆက်စပ်စဉ်းစားမယ် ဆိုရင်တော့ သင်ရိုးနဲ့မဆိုင်တော့တဲ့အတွက် ပြောစရာစကားမရှိပါ။ ဘာပဲဖြစ်ဖြစ် ‘ထွန်းထွန်းနဲ့ ချိုချို’ ကတော့ ဖတ်ရှုဖြေဆိုသူအတွက် ဆင်ခြင်စဉ်းစာဖွယ်ရာ အချက်လက်တွေ ပါရှိနေတာကြောင့် သင်ခန်းစာယူစရာတွေ ရှိနေမှာပါလို့ ထင်မြင်ယူဆမိကြောင်း တင်ပြလိုက်ပါတယ်။ ထွန်းဇော်ဌေး image source : pngitem
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024