Home
မြန်မာသတင်း
မြန်မာအလုပ်သမား ခေါင်းဆောင်များ ဖိုရမ်ကျင်းပ
DVB
·
April 29, 2013
နိုင်ငံတကာအလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို)က မြန်မာနိုင်ငံတော်သစ်တရပ်ကို တည်ဆောက်ခြင်း အလုပ်သမား ခေါင်းဆောင်များ ဖိုရမ်ကို ဒီနေ့ကျင်းပခဲ့ပါတယ်။ ဖိုရမ်ကို ဧပြီ ၂၉ ရက်နေ့က ၃၀ အထိ ရန်ကုန် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အိုင်အယ်လ်အို အတိုင်ပင်ခံအကြံပေးအဖွဲ့ ရွေးချယ်ရေးကိစ္စ၊ ခုံသမာဓိကောင်စီ ရှိနေတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ပြန်လည် သုံးသပ်ရေးကိစ္စ၊ ၂၀၁၃ မှာကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကိုစေလွှတ်ဖို့ မြန်မာနိုင်ငံ အလုပ်သမားကိုယ်စားလှယ် ရွေးချယ်ဖို့ ကိစ္စတွေအတွက် အဓိကထား ကျင်းပခဲ့တာလို့ တက်ရောက်သူတွေက ပြောပါတယ်။ ဒီဖိုရမ်မှာဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ တက်ရောက်နေတဲ့ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးအောင်သူက အခုလို ပြောပါတယ်။ “ဆွေးနွေးတာတွေက အလုပ်သမားအခွင့်အရေးတွေ၊ ကုန်ထုတ်စွမ်းအားစုဖွံ့ဖြိုးတိုးတက်ရေးတွေပေါ့။ အဓိကက ဒီကိုလာတဲ့ အလုပ်သမားတွေက ဘာစိတ်ဝင်စားလဲဆိုတော့ ဂျီနီဗာညီလာခံကို လွှတ်ဖို့ သူတို့အလုပ်သမားတွေကိုပဲ လွှတ်စေချင်တယ်။ အဓိက ဒီမှာ တိုက်ပွဲဝင်တဲ့ ပုံသဏ္ဌာန်လို့တောင် ပြောလို့ရတယ်။ အတွေးအခေါ်ပိုင်းအရရောပေါ့။” ဖိုရမ်အနေနဲ့ ဖိတ်ကြားခဲ့ပေမယ့် ပွဲကျင်းပရာမှာ ညီလာခံလို့ သုံးနှုန်းထားတာတွေနဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူအမ်)နဲ့ ပတ်သက်ပြီးတော့ အစီအစဉ်မှာ အများကြီး ထည့်ထားတဲ့အတွက် ဖိုရမ်မှာ ဆွေးနွေး ကန့်ကွက်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အိုင်အယ်လ်အိုက တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်၂၀၁၃ မှာ ကျင်းပမယ့် အပြည့်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကို စေလွှတ်မယ့် မြန်မာနိုင်ငံအလုပ်သမား ကိုယ်စားလှယ်ရွေးချယ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သွားရောက်တဲ့ ကိုယ်စားလှယ်ဟာ အလုပ်သမားစစ်စစ် ဖြစ်ရေးနဲ့ အလုပ်သမားမဖြစ်သော်လည်း အလုပ်သမားအရေး တောင်းဆိုပေးနိုင်တဲ့ အမြင်ကျယ်ပြန့်သူ ဖြစ်ရမယ်ဆိုတဲ့ ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့အမြင်ကို ဦးအောင်သူက အခုလို ပြောပါတယ်။ “နိုင်ငံတကာညီလာခံတွေကို တကယ့် အလုပ်သမားစစ်စစ်တွေကိုပဲ လွှတ်စေချင်တယ်။ သူတို့တွေ အလုပ်သမားညီလာခံတွေ တက်ရောက်ဖို့အတွက် စွမ်းရည်မရှိရင်လည်း ကျနော်တို့ ဖြည့်မယ်။ နောက် နိုင်ငံတကာသွားတဲ့အခါ တခြား အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်သွယ်ဆောင်ရွက်နိုင်မလဲဆိုတာလည်း ပြန့်ပွားအောင်လုပ်မယ်။” ဒီဖိုရမ်ကို အလုပ်သမားဝန်ကြီးအပါအ၀င် အိုင်အယ်လ်အိုက တာဝန်ရှိသူတွေ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024