DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အလုပ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာအချို့ နေရပ်ပြန်
DVB
·
April 29, 2013
ထိုင်းတွင် အလုပ်လုပ်ရန် စောင့်ဆိုင်းနေသည့် မြန်မာအချို့ နေရပ်ပြန်
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ အေးဂျင့်နဲ့ ဆက်သွယ်ပြီး မြ၀တီမြို့မှာ လာရောက် စောင့်ဆိုင်းနေကြတဲ့ မြန်မာနိုင်ငံသားတချို့ ထပ်မစောင့်နိုင်တော့တာကြောင့် နေရပ်ပြန်ကုန်ကြတယ်လို့ မြ၀တီမြို့ရောက် မြန်မာတချို့က ပြောပါတယ်။

သူတို့ဟာ နှစ်နိုင်ငံသဘောတူညီချက် (အမ်အိုယူ) အရ ထိုင်းနိုင်ငံတွင်းကို တရားဝင် လမ်းကြောင်းကနေ ၀င်ရောက်လုပ်ကိုင်ကြဖို့ စောင့်ဆိုင်းနေကြတာပါ။ အေးဂျင့်ကို ၀န်ဆောင်ခပေးပြီး ၂ လလောက်ကြာတဲ့အထိ ထိုင်းနိုင်ငံ မသွားရသေးတာကြောင့် စားသောက်နေထိုင်ရေး ခက်ခဲလာပြီး ပြန်ကြတာ ဖြစ်ပါတယ်။

[caption id="attachment_31308" align="alignright" width="300" caption="မဟာချိုင်က ငါးအ၀ယ်ဒိုင်တခုတွင်တွေ့ရသည့် မြန်မာအလုပ်သမားတချို့"][/caption]

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ဖို့ မြ၀တီမြို့မှာ စောင့်ဆိုင်းနေတဲ့ ကိုဇော်လင်းက “၄-၅ ယောက်လောက်တော့ ပြန်ကုန်ကြပြီ။ ကုမ္ပဏီကတော့ သူတို့စကားနဲ့သူတို့တော့ ဟုတ်နေတာပဲ။ သွားစုံစမ်းကြည့်တော့လည်း ပုံစံမကျဘူး။ တချို့အေးဂျင့်က စာအုပ်ရပြီပြောလို့ ကိုယ်တိုင်သွားစုံစမ်းတော့ မဟုတ်ဘူး။ ကျနော်လည်း ပြဿနာနည်းနည်းဖြစ်နေတယ်။ ဒီနေ့ အေးဂျင့်နဲ့ဝင်မလို့ပဲ။ ဒါပေမယ့် ပိုက်ဆံတ၀က်လောက်က ခုပျောက်သွားတယ်။ ပြန်မလို့စဉ်းစားနေရပြီ။” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို ဘယ်တော့လာရမယ်ဆိုတာ တိတိကျကျမသိရရင် နေထိုင်စားသောက်စရိတ် အကုန်မခံဘဲ ပြန်သင့်တယ်လို့ ထိုင်းနိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ လုပ်နေတဲ့ မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

“ကျနော့်သူငယ်ချင်းတွေကို ဘယ်တော့ တက်လာရမလဲ လှမ်းမေးတော့ တက်လာဖို့လည်း မပြောဘူးတဲ့။ စာချုပ်တွေလည်း မချုပ်ရသေးဘူးတဲ့။ အဲဒါဆိုရင်တော့ ဘယ်လောက်ကြာလို့ ကြာမယ်မှန်းလည်း မသိဘူး။ သူတို့ရောက်နေတာလည်း အရက် ၂၀ လောက်ရှိနေပြီဆိုတော့။ သူငယ်ချင်း ၈ ယောက်ထဲမှာ ၅ ယောက်ကတော့ ပြန်သွားပြီ။"လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် ၀န်ဆောင်ခယူပြီး လုပ်ပေးနေတဲ့ အေးဂျင့်ကုမ္ပဏီ ၅ ခု ထက်မနည်း မြ၀တီမှာရှိပြီး အလုပ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၁၀၀ ၀န်းကျင်ရှိတယ်လို့ ကိုဇော်လင်းက ပြောပါတယ်။

ဝန်ဆောင်ခကို ထိုင်းဘတ်ငွေ ၁ သောင်းလို့ သတ်မှတ်ထားပေမယ့် လုပ်ခလစာထဲက ဘတ် ၂ သောင်းဝန်းကျင် ဖြတ်ခံရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတဦးက ပြောပါတယ်။

“စာချုပ်ချုပ်တဲ့အထဲတော့ ဘတ်ငွေ ၁ သောင်းကို ဒီဘက်ကမ်းရောက်အောင် ပို့ပေးတဲ့အတွက် ဖြတ်မယ်ပြောတယ်။ ဒီဘက်ရောက်တော့ ၂ သောင်း ၂ ထောင်ဖြတ်တယ်။ ဒါပေမယ့် ကျနော်တို့ကို ဟိုဘက်ကမ်းရောက်ရင် ၁ သောင်းပဲ ဖြတ်တယ်ပြောလို့ ပြောထားတယ်။”

ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့ကလည်း နှစ်နိုင်ငံ သဘောတူညီချက် (အမ်အိုယူ) အရ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသကို ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၅၀ ထဲက ၇၅ ဦးသာ အလုပ်အကိုင် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမ်အိုယူ သဘောတူညီချက်အရ မဟာချိုင်ဒေသ ပုစွန်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၅၁ ဦးဟာလည်း လုပ်အားခ  ပြဿနာဖြစ်တဲ့အတွက် အလုပ်မဆင်းနိုင်လို့ မြန်မာသံရုံးနဲ့ မြန်မာနိုင်ငံသားများအဖွဲ့ (အမ်အေတီ) က ကူညီပေးခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းရှိတဲ့အနက် ၁.၂ သန်းက တရားဝင် အလုပ်လုပ်နေတာဖြစ်ပြီး ၃ သိန်းလောက်က နိုင်ငံသား စိစစ်တာ မလုပ်ဆောင်ရသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013