ရန်ကုန်စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်လုံးတွင် ကျန်းမာရေးစစ်တမ်းကောက်မည်
ညီငယ်
·
May 18, 2020
COVID-19 ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရန်ကုန်စည်ပင် နယ်နမိတ် ၃၃ မြို့နယ်လုံးကို ကျန်းမာရေးစစ်တမ်း ကောက်ယူတော့မယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောပါတယ်။
လတ်တလောမှာတော့ အင်းစိန်၊ လှိုင်သာယာနဲ့ တာမွေမြို့နယ်တွေကို ကျန်းမာရေးစစ်တမ်း ကောက်ယူထားပြီး အခုသီတင်းပတ်ထဲမှာတင် တောင်ဥက္ကလာပ၊ ဗဟန်း၊ မရမ်းကုန်းမြို့နယ်တွေကို ကျန်းမာရေးစစ်တမ်း ဆက်ကောက်နေပါတယ်။
ဆက်လက်ပြီး ရန်ကုန်စည်ပင်နယ်နမိတ် ၃၃ မြို့နယ်လုံးကို ကျန်းမာရေးစစ်တမ်းကောက်မှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
ကျန်းမာရေးစစ်တမ်းကောက်ယူရာမှာ အပူချိန်တိုင်းကိရိယာ တပ်ဆင်ထားတဲ့ကားတွေနဲ့ ကားပေါ်မှာ ဆရာဝန်နဲ့ ကျန်းမာရေးတာဝန်ရှိသူတွေ လိုက်ပါလာပြီးနောက် အများပြည်သူကို ရောဂါလက္ခဏာ ၈ မျိုးစစ်ပေးမှာဖြစ်ပြီး နောက်တစ်မျိုးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပရိတသမားတွေအပြင် ရပ်/ကျေးဆယ်အိမ်မှူးတွေက အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးမှာ ဖြစ်ပါတယ်။
ဒုတိယလှိုင်းအတွက်လည်း ပြင်ဆင်တဲ့အနေနဲ့ရော ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ ကျန်းမာရေး စစ်တမ်းတွေကို မြို့နယ်အလိုက် လိုက်ကောက်ယူနေတယ်လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
မေလ ၁၇ ရက် ညပိုင်းနဲ့ မေလ ၁၈ရက်နေ့ မနက်ပိုင်းကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာသစ် ၅ ဦး ထပ်တွေ့ရတာကြောင့် နိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၁၈၇ ဦးရှိ သွားပြီဖြစ်ပါတယ်။
လူနာသစ် ၅ ဦးကတော့ မရမ်းကုန်းမြို့နယ်က အသက် ၅၇ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ပုဇွန်တောင်မြို့နယ်က အသက် ၄၁ နှစ်အရွယ်ရှိ မလေးရှားပြန် အမျိုးသား ၁ ဦး၊ ကရင်ပြည်နယ်က ၂ ဦးနဲ့ တနင်္သာရီတိုင်းက ၁ ဦးတို့ ဖြစ်ပါတယ်။