ဖိလစ်ပိုင်တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၈၀ ကျော်ကို အစိုးရက ပြန်ခေါ်ယူ
DVB
·
May 18, 2020
COVID-19 ကပ်ဘေးကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၈၁ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့ မေလ ၁၈ ရက်မနက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားလို့ ဖိလစ်ပိုင်နိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို Air Asia Philippines ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာမှာ ဒီနေ့မနက် ၁၀ နာရီကျော်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်လာတယ်လို့ ဆိုပါတယ်။
ပြန်ရောက်လာသူတွေကို သီးခြားသတ်မှတ် ပေးထားတဲ့နေရာ ဒါမှမဟုတ် သတ်မှတ်ဟိုတယ်တွေမှာ ၂၁ ရက်တာ အသွားအလာကန့်သတ်စောင့်ကြည့်ထားမှာ ဖြစ်ပါတယ်။
ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိပြီး အခက်အခဲ ကြုံတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေစီစဉ်ပေးပြီး ပြန်ခေါ်ယူနေရာမှာ ဒီကနေ့အထိ နေရပ်ပြန်ရောက်လာတဲ့ မြန်မာပြည်သား စုစုပေါင်း ၂၀၇၂ ဦးရှိပြီလို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက် အရသိရပါတယ်။
ဓာတ်ပုံ- မြန်မာသံရုံး