ပြင်ရွာစစ်ဆေးရေးဂိတ်တွင် ရဲကင်းမှူးက ရွာသားအား ရိုက်နှက်ခဲ့မှု စုံခုံဖွဲ့စစ်ဆေးနေ
DVB
·
May 17, 2020

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ပြင်ရွာကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ ကူညီစစ် ဆေးပေးနေတဲ့ ရွာသားတဦးကို ပြင်ရွာရဲကင်းမှူးက ရိုက်နှက်ခဲ့မှုနဲ့ ပတ်သက်ပြီး စုံခုံဖွဲ့ စစ်ဆေးနေတယ်လို့ တိုင်းရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ မနက်ပိုင်းက ကျေးရွာစစ်ဆေးရေးဂိတ်မှာ ကူညီလုပ်ကိုင်ပေးနေတဲ့ အသက် ၅၀ နှစ်အရွယ် ကိုတင်အောင်မိုးဆိုသူရဲ့ နွားတွေက ပြင်ရွာရဲစခန်းဆိုင်းဘုတ်အား ဝင်တိုက်တာကို မကျေနပ်တဲ့အတွက် ဒုရဲအုပ်မြတ်ကိုက ရိုက်နှက်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူ ကိုဇော်နိုင်ဦးက DVB ကို ပြောပါတယ်။
အရိုက်ခံရသူရဲ့ နွား အပါအဝင် နွား ၁၀ ကောင်လောက်က ရဲစခန်းဆိုင်းဘုတ်ကို ဝင်တိုက်တာကြောင့် ဆိုင်းဘုတ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး မေ ၁၄ ရက်နေ့ ည ၁၁ နာရီကျော်လောက်မှာ နွားပိုင်ရှင်အား ဒုရဲအုပ်က စစ်ဆေးရေးဂိတ်ကို ခေါ်ဆောင်ပြီး ဓာတ်မီးနဲ့ ရိုက်နှက်တာ၊ လက်သီးနဲ့ ထိုးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုင်းရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေကတော့ ရိုက်နှက်ခံရသူရဲ့ မိသားစုက တိုင်ကြားခဲ့တာကြောင့် တိုင်းရဲတပ်ဖွဲ့က စုံခုံဖွဲ့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
"ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်အမှန်ကို သိဖို့အတွက် စုံခုံဖွဲ့စစ်ဆေးတာတွေ ပြုလုပ်နေပါပြီ။ ဖြစ်စဉ်အမှန်သိရမှ အရေးယူသင့်၊ မယူသင့်ကိုတော့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ရိုက်နှက်သူနဲ့ အရိုက်ခံရသူ နှစ်ဦးလုံးကို မြောင်းမြမြို့မရဲစခန်းမှာ ခေါ်ယူစစ်ဆေးတာတွေ စတင်ပြုလုပ်နေပြီး ကျန်းမာရေးစစ်ဆေးရေးဂိတ်ကိုတော့ လောလောဆယ် ကူညီပေးမယ့်သူ မရှိတော့တာကြောင့် ဆက်မလုပ်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မင်းထက်မုန်း (ပုသိမ်)