မွန်ပြည်နယ်ရှိ စက်ရုံ၊ အလုပ်ရုံများကို အမြန်စစ်ဆေးပြီး ပြန်ဖွင့်ခွင့်ပေးရန် လုပ်ငန်းရှင်များ လိုလား

မွန်ပြည်နယ်မှာရှိတဲ့ စက်ရုံ၊အလုပ်ရုံ ၂၇၀၀ ကျော်ထဲက  ၈၈ ရုံကိုသာ လည်ပတ်ခွင့်ပေးထား တဲ့အတွက် ကျန်တဲ့စက်ရုံ၊အလုပ်ရုံတွေကို အမြန်ဆုံး လာရောက်စစ်ဆေးပြီး ပြန်လည် ဖွင့်လှစ်ခွင့်ပေးဖို့ လုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ်မှာ စက်ရုံ၊အလုပ်ရုံတွေကို Covid 19 ရောဂါကြောင့် ယာယီပိတ်သိမ်းထားတာပါ။  ဒါပေမဲ့ ယာယီပိတ်သိမ်းထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေထဲက တချို့ကို အခုအခါမှာ ပြန်စစ်ဆေးပြီး ဖွင့်လှစ်ခွင့် ပေးနေတာပါ။ လက်ရှိမှာတော့ မွန်ပြည်နယ်ထဲက စက်ရုံ၊ အလုပ်ရုံ ၂၇၀၀ ကျော်မှာ ဦးစားပေး စက်ရုံ၊ အလုပ်ရုံ ၈၈ ရုံကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။ “၁၄၆ ရုံ စစ်ဆေးပြီးသွားပြီ။ အဲဒီထဲမှာ ဖွင့်လှစ်ခွင့်ပြုပေးလိုက်တာ၊ ကျန်းမာရေးရဲ့ အမိန့် ညွှန်ကြားချက်နဲ့အညီ ဖွင့်လှစ်ဆောင်ရွက်ထားတာ တွေ့ရှိရလို့ ၈၈ ရုံ ဖွင့်ခွင့်ပေးတယ်။ ကျန်တဲ့ စက်ရုံတွေကိုလည်း စိစစ်ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ထပ်ဖွင့်လှစ်ပေးဖို့ရှိပါတယ်။” ပြန်ဖွင့်လှစ်ခွင့်ပေးတဲ့ ဦးစားပေးစက်ရုံ ၈၈ ရုံထဲမှာ ဆန်စက် အပါအဝင် ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေ အများဆုံးလို့ ဆိုပါတယ်။ စက်ရုံလုပ်ငန်းရှင်တွေတော့ လုပ်ငန်းလည်ပတ်လို့ရအောင် အမြန်ဆုံး လာရောက်စစ်ဆေးပေးဖို့ လိုလားနေကြတယ်လို့ ဝီမွန်အထည်ချုပ်စက်ရုံ လုပ်ငန်းရှင် ဦးမင်းဇော်နိုင်ဦးက ပြောပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေကို အစိုးရက လာရောက်စစ်ဆေးတာတွေ ရှိနေပြီး သူတို့ ခွင့်ပြုချက်ရမှ လည်ပတ်ခွင့်ပေးအပ်နေတယ်လို့ အမှုန့်ကြိတ်လုပ်ငန်းရှင် ဦးသာချိုက ပြောပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ ကျန်ရှိနေတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်လည်စစ်ဆေးပြီး ဖွင့်လှစ်ခွင့်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စက်ရုံ၊ အလုပ်ရုံတွေကို စစ်ဆေးဖို့ ပြည်နယ်အဆင့်အပါအဝင် မြို့နယ်အဆင့်အထိ စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ ဇော်လွင်ထွဋ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up