DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှုကိစ္စ ဖမ်းဆီးရုံးတင်
DVB
·
April 26, 2013
Donate to DVB

ပဲခူတိုင်း မိုးညိုမြို့နယ်တရားရုံးက ဗလီနဲ့ အိမ်ဖျက်သူတွေလို့ ယူဆရတဲ့ ၅ ဦးကို ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားတယ်လို့ မိုးညိုမြို့ခံတဦးက ပြောပါတယ်။

ရာနဲ့ချီတဲ့ လူအုပ်ကြီးက ၀ိုင်းဖျက်ကြတာဖြစ်ပေမယ့် မြို့ပေါ်က ၁ ဦးနဲ့ ရွာက လူငယ် ၄ ဦးကို ပုဒ်မ ၁၄၅၊ ၂၉၅၊ ၄၅၂၊ ၄၂၇ စတဲ့ ပုဒ်မ ၄ ခုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

လက်ပံတန်းမြို့မှာတော့ ပုဒ်မ ၁၄၄ ကို မရုပ်သိမ်းသေးပေမယ့် ည ၁၁ နာရီကနေ မနက် ၃ နာရီအတွင်းသာ မထွက်ဖို့ လျှော့ပေါ့ထားတယ်လို့ လက်ပံတန်းဒေသခံလူငယ်တဦးက ပြောပါတယ်။

လက်ပံတန်းမြို့နယ်တွင်းမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို ဖောက်ဖျက်သူတွေကို ထောင်ဒဏ် ၂ လ ပြစ်ဒဏ်ချမှတ်ကြောင်းနဲ့ ခုထိ ဗလီနဲ့ အိမ်ဖျက်သူ တဦးတယောက်မှ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သူက ပြောပါတယ်။

“ဖမ်းထားတယ်၊ မိတဲ့သူတွေကို ထောင် ၂ လလို့ ပြောတယ်။ ဗလီဖျက်တဲ့သူတွေကိုတော့ မမိဘူး။ တယောက်မှမမိဘူး။ အခု ၁၄၄ အမိန့်ထုတ်ပြီးတော့ ညထွက်တဲ့အတွက် ဖမ်းကြတာ။ တောကလူတွေ များတယ်။”

ကြို့ပင်ကောက်မြို့နယ်မှာတော့ လူ ၉ ဦးကို ဖမ်းဆီးပြီး ပေါင်းတည်ထောင်ကို ခေါ်ဆောင် စစ်ဆေးနေတယ်လို့သာ ကြားသိရပြီး ဘယ်လိုပုဒ်မတွေနဲ့ စွဲဆိုစစ်ဆေးမယ်ဆိုတာ မသိရဘူးလို့ မြို့ခံတဦးက ပြောပါတယ်။

ထူးခြားမှုအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆူပူမှုနဲ့ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အဖွဲ့ငယ်လေးတွေကို ရပ်ကွက်တွေမှာ လိုက်လံဖွဲ့စည်းနေတယ်လို့ ဆိုပါတယ်။

“အာဏာပိုင်တွေကတော့ ရပ်ကွက်ထဲတွေမှာ ရပ်ကွက်အလိုက် ပူးပေါင်းဆောင်ရွက်ကြဖို့၊ အန်ဂျီအိုအဖွဲ့တွေ၊ လူမှုရေးအသင်းတွေ၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေ ပါတယ်။ အနည်းစု အုပ်စုတစုမှာ လူ ၂၀ လောက်ရှိမယ်။ တကယ်လို့ အကြမ်းဖက်မှုတွေဖြစ်လာရင် ကြိုတင်တားဆီးကာကွယ်ဖို့။ အဲလို ညွှန်ကြားချက်တွေတော့ ရပ်ကွက်တွေထဲ ရောက်နေတယ်။”

မင်းလှမြို့မှာတော့ အခင်းဖြစ်ပွားတုန်းက သေနတ်ပစ်ဖောက် လူစုခွဲတဲ့လူ ၃ ဦးကို ဆေးရုံကို တင်ပို့ခဲ့တာသာဖြစ်ပြီး တခြားတစုံတရာ ဖမ်းဆီးအရေးယူတာ၊ ရုံးတင်စစ်ဆေးတာ မရှိဘူးလို့ အန်အယ်လ်ဒီပါတီရဲ့ နယ်မြေခံ ဒေါက်တာလှလှမိုးက ပြောပါတယ်။

ဇီးကုန်းမှာတော့ ၁၀ ဦးကို ဖမ်းဆီးထားပြီး အိမ်ကျော်နင်းမှုအပါအ၀င် ပုဒ်မ ၄ ခုနဲ့ ရုံးတင် စစ်ဆေးခဲ့ပြီး မေ ၉ ရက်နေ့ကို ရုံးပြန်ချိန်းထားပါတယ်။ တရားစွဲခံရသူတွေကို ပေါင်းတည်ထောင်မှာ ချုပ်နှောင်ထားပြီး ၃ ယောက် ၁ ခန်း တိုက်ပိတ်ထားသလို အာမခံ မရတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ တရားစွဲခံရသူတဦးဖြစ်တဲ့ ဦးအောင်မြတ်သူရဲ့သား ကိုမင်းထက်သူက ပြောပါတယ်။

“သူတို့အရမ်းနစ်နာပါတယ်။ သံသယရှိသူတယောက်ရဲ့ အခွင့်အရေးလည်း ဆုံးရှူံးရတယ်။ အာမခံလည်း မရကြဘူးလေ။ နောက် နယ်မှာရှိတဲ့ စခန်းမှာမထားဘဲ ပေါင်းတည်မှာထားတော့ တချို့မိသားစုတွေဆိုရင် တနေ့လုပ်တနေ့စား၊ လက်လုပ်စားဆိုတွေဆိုရင် သွားတွေ့ဖို့ အဆင်မပြေကြဘူး။ နောက် ၂၅ ရက်နေ့ကတွေ့တော့ ၃ ယောက် ၁ ခန်း တိုက်ပိတ်ထားတယ်တဲ့ ပူကလည်းပူ၊ ကျဉ်းကျဉ်လေးတဲ့။ အာမခံလေးရစေချင်တယ်။ ကျနော့်မိသားစုအနေနဲ့ကတော့ ဒါဟာ လူ့အခွင့်အရေးဆုံးရှူံးမှုတခု ချိုးဖောက်နေတယ်လို့ ထင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013