မိတ္ထီလာတွင် Quarantine ဝင်ရန် ငြင်းဆိုသူ ၂ ဦးကို ထောင်ဒဏ် ၃ လချမှတ်

မိတ္ထီလာမှာ Quarantine ဝင်ဖို့ ငြင်းဆိုသူ ၂ ဦးကို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ရတနာမာရ်အောင်ရပ်ကွက် နယ်မြေ ၃ မြသီတာလမ်းနေသူ လင်မယား ၂ ဦးဟာ ရန်ကုန်ကပြန်လာတာကြောင့် Quarantine ဝင်ဖို့ မေ ၁၀ ရက်နေ့က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ နှစ်ကြိမ်တိုင် သွားပြောပေမယ့် ငြင်းဆန်တာကြောင့် မိတ္ထီလာခရိုင်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်တဲ့အမိန့်အရ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာပါ။ မေ ၁၅ ရက်နေ့မှာ မိတ္ထီလာမြို့မရဲစခန်းမှာ ရဲအရေးမပိုင်နဲ့ အမှုဖွင့်လာတာကြောင့် မိတ္ထီလာမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားပေးတယ်လို့ မိတ္ထီလာမြို့မ ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောပါတယ်။ မိတ္ထီလာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန္တာလင်းက “Quarantine ငြင်းဆိုတာကို အမှုဖွင့်လိုက်တယ်၊ ဘယ်လို ပြစ်ဒဏ်ချတယ် ဆိုတာတော့ မသိပါဘူး” လို့ ပြောပါတယ်။ မိတ္ထီလာမြို့နယ်တရားရုံးက သူတို့နှစ်ဦးကို မေ ၁၅ ရက်နေ့မှာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာပါ။ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်မှာ နယ်စပ်ဒေသက ပြန်လာသူ ၁၇၀၀ ကျော်ရှိပြီး ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်တာ ပထမဆုံး ဖြစ်ပါတယ်။  မောင်မောင်လင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up