DVB Logo
Home
မြန်မာသတင်း
စီးပွားရေး မြှင့်တင်နိုင်ရန် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ၃ ခု ထပ်ဖွင့်မည်
DVB
·
April 26, 2013
စီးပွားရေး မြှင့်တင်နိုင်ရန် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ၃ ခု ထပ်ဖွင့်မည်
Donate to DVB

ထိုင်း-မြန်မာ ၂ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ဖို့ အမြဲတမ်း နယ်စပ်စစ်ဆေးရေးဂိတ် ၃ ဂိတ်ကို နောက်ထပ်ဖွင့်လှစ်ဖို့ သဘောတူခဲ့ကြပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်တို့ဟာ ဘရူနိုင်းမှာ ကျင်းပတဲ့ ၂၂ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှာ သီးခြားတွေ့ဆုံစဉ် မြန်မာဘက်က အရင်အဆိုပြုလာတဲ့ကိစ္စကို သဘောတူခဲ့ကြတာပါ။

[caption id="attachment_38843" align="alignleft" width="300" caption="ဘန်ဒါဆရီ ဘီဂါဝန်မြို့ ၀န်ကြီးချုပ်ရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံစဉ်"][/caption]

စစ်ဆေးရေးဂိတ်တွေကတော့ ထိုင်းဘက်ခြမ်း ကန်ချနဘူရီက ဘုရား ၃ ဆူ တောင်ကြားလမ်းနဲ့ မြန်မာဘက်က ဘုရား ၃ ဆူမြို့၊ ကန်ချနဘူရီမှ ဘန်နမ်ပူရွန်နဲ့ မြန်မာဘက် တီကီမြို့၊ ပရာချွတ် ကီရီခန် မှ ဆင်းခွန် ယာယီစစ်ဆေးရေးဂိတ်နဲ့ မြန်မာဘက် မောတောင်မြို့တွေ ဖြစ်တယ်လို့ ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဖက်ဒီဟာန် ဟိမသွန်ခမ် က ပြောပါတယ်။

ဒီလိုနယ်စပ်ဂိတ် ၃ ဂိတ် ထပ်ဖွင့်လိုက်ခြင်းအားဖြင့် ထိုင်းနဲ့မြန်မာကြားက ဆက်ဆံရေးတွေ ခိုင်မာလာအောင် အထောက်အကူ ပြုပါလိမ့်မယ်လို့ ဦးသိန်းစိန်ကို ယင်းလပ်က ပြောတယ်လို့ မစ္စတာ ဖက်ဒီဟန်က ဆိုပါတယ်။

ဒီအစည်းအဝေးအတွင်း ထိုင်းနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာတွေကို စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိအာဏာပိုင်တွေကို ထိုင်းနိုင်ငံဆီ စေလွှတ်ပေးဖို့လည်း မြန်မာအစိုးရကို ထိုင်းဒုဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။

ဒီလအတွင်း ဘရူနိုင်းမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ ၂ ထောင်လောက်ကို မြန်မာနိုင်ငံ ပြန်လည်ကူညီပို့ဆောင်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဆီကနေ ပူးပေါင်းဆောင်ရွက်မှုရအောင် လုပ်ဆောင်ထားတယ်လို့ မစ္စတာ ဆူရာပွန်က ပြောပါတယ်။

ဦးဝဏ္ဏမောင်လွင်ကလည်း ဒီလူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တကယ်ပဲ ရောက်လာတာဖြစ်တယ်လို့ သူ့တို့တာဝန်ရှိသူတွေဘက်က တွေ့ရှိခဲ့ရင် ဒီလူတွေကို ပြန်ခေါ်ဖို့ ကတိပေးထားပါတယ်။

ထိုင်း-မြန်မာ ၂ နိုင်ငံခေါင်းဆောင်တွေဟာ ထားဝယ် ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ တိုးတက်မှုအခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။  ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး စောင့်ကြည့်စစ်ဆေးရေး ပူးတွဲကော်မီတီကို အစောပိုင်းမှာ ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး SPV အစုရှယ်ယာ သဘောတူညီချက်မူကြမ်းကို ထိုင်းဘက်က ရေးဆွဲပြီးနေပြီး မြန်မာအစိုးရဘက်က စဉ်းစားသုံးသပ်စေလိုကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ဒီသဘောတူညီချက်ဟာ ထားဝယ်ရေနက်ဆိပ်ကမ်း ဖွံဖြိုးရေးစီမံကိန်းရဲ့ စီမံအုပ်ချုပ်မှုနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ မူဝါဒတွေအတွက် အစုရှယ်ယာရှင်တွေရဲ့ အခွင့်အရေးနဲ့ စည်းမျဉ်းဆိုင်ရာတွေကို ရေးဆွဲထားတာဖြစ်ပါတယ်။

ဒီစီမံကိန်းအတွက် ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရှေ့လအတွင်း နှစ်နိုင်ငံ ဆက်လက်ဆွေးနွေးကြဖို့နဲ့ ဆွေးနွေးရာမှာ ဂျပန်နိုင်ငံကိုလည်းဖိတ်ခေါ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ မစ္စတာ ဖက်ဒီဟန်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013