မွန်ပြည်နယ်အတွင်းရှိ စျေးအားလုံး ပြန်ဖွင့်ခွင့်ပြု
DVB
·
May 16, 2020
မွန်ပြည်နယ်အတွင်းရှိ စျေးအားလုံးကို မေလ ၁၆ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ် ခွင့်ပြုလိုက်ပါတယ်။
မွန်ပြည်နယ်မှာတော့ Covid 19 ရောဂါကြောင့် စျေးတွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်း ရောင်းချတဲ့ ဆိုင်တွေသာ ဖွင့်လှစ်ရောင်းချဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားတာပါ။
အခုအခါမှာတော့ စျေးသူစျေးသာတွေရဲ့ တောင်းဆိုမှုတွေအရ ပြည်နယ်အတွင်းရှိ စျေးအားလုံးကို မေလ ၁၆ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီလို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သန်းဝင်းက ပြောပါတယ်။
စျေးသူစျေးသားတွေရဲ့ တောင်းဆိုမှုကို မေလ ၁၅ ရက်က ကျင်းပတဲ့ မွန်ပြည်နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအစည်းအဝေးမှာ ဆွေးနွေးပြီးနောက် ပြန်လည် ဖွင့်လှစ်ခွင့်ပြုလိုက်တာပါ။
စျေးသူစျေးသားတွေအနေနနဲ့ အရောင်းအဝယ် ပြုလုပ်ရာမှာ မဖြစ်မနေ mask တပ်ဆင်ရမယ့်အပြင် စျေးရောင်းရင် တကြိမ်ကို ရောင်းသူအပါအဝင် အများဆုံးလူ ၃ ဦးသာ ရောင်းချရမယ်လို့ ဦးမြင့်သန်းဝင်းက ပြောပါတယ်။
လက်ရှိမှာတော့ စျေးသူစျေးသားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေအထိ ထပ်ဆင့်ညွှန်ကြားတာတွေ လုပ်ဆောင်ထားတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြောပါတယ်။
ထုတ်ပြန်ထားတဲ့ စည်ကမ်းချက် မလိုက်နာတဲ့ဆိုင်တွေကို စစ်ဆေးတွေ့ရှိရင် ပထမအကြိမ် စျေးရောင်းချခွင့် ၃ ရက်၊ ဒုတိယအကြိမ် စျေးရောင်းချခွင့် ၁၀ ရက် ပိတ်သိမ်းသွားဖို့ ရှိနေပါတယ်။
မွန်ပြည်နယ် အစိုးရဟာ ကိုဗစ်-၁၉ ကြောင့် ထိန်းချုပ်ထားတဲ့ လုပ်ငန်းစဉ်တွေမှာ ပထမဦးဆုံးအနေနဲ့ စျေးတွေအပေါ် ဖြေလျော့တာတွေ လုပ်ဆောင်ခဲ့တာပါ။
ဇော်လွင်ထွဋ်