DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် ဆင်းကတ်ရောင်းချပေးမှု အဆင်မပြေဖြစ်နေ
DVB
·
April 26, 2013
ထားဝယ်တွင် ဆင်းကတ်ရောင်းချပေးမှု အဆင်မပြေဖြစ်နေ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့ တန်ဖိုးနည်း စီဒီအမ်အေ ဆင်းကတ်တွေ ရောင်းချပေးရာမှာ လုပ်ထုံးလုပ်နည်းပိုင်းမှာ အဆင်မပြေဖြစ်တဲ့အတွက် တချို့တ၀က်သာ ရောင်းချပေးနိုင်ပြီး မြို့နယ်ရုံးက ရပ်ကွက်ရုံးတွေကို ပြန်လည်တာဝန်ပေးထားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်တဦးက ပြောပါတယ်။

ထားဝယ်မြို့မှာ စီဒီအမ်အေ ၈၀၀ တန်ဖိုးနည်း ဆင်းကတ်တွေ ရပ်ကွက်တခုကို ၄၄ ကတ်နှုန်းနဲ့ ၁၅ ရပ်ကွက် စုစုပေါင်း ဆင်းကတ် ၆၆၀ ရောင်းချပေးနေတာပါ။

ဆင်းကတ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေ လျှောက်လွှာခေါ်ယူ မဲဖောက်ပေးပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှာ သွားရောက်ဝယ်ယူရမှာ အဆင်မပြေ ဖြစ်နေကြတာပါ။

ထားဝယ်မြို့ ကညုံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတဦးက “တချို့ရပ်ကွက်တွေမှာ တချို့တ၀က်ကျန်တယ်။ ကျနော်တို့ရပ်ကွက်မှာတော့ ဆင်းကတ် ၄ ခုလောက်ပဲ ရသေးတယ်။ ငွေသွင်းတဲ့ကိစ္စပေါ့။ တာဝန်ယူမယ့်အပိုင်းမှာ သူတို့က တိတိကျကျ လုပ်ပေးတာ မရှိဘူး။ ငွေသွင်းပြီးမှ ဖောင်တွေမှာ ခံဝန်ကတိတွေ လက်မှတ်ထိုးပြီးမှ ဖုန်းကတ်ကို ထုတ်လို့ရတာ။ ကြိုပြီးတော့ ငွေသွင်းတဲ့ ချလန်မှာ ဖြည့်ဖို့ ကြိုတင်ပေးထားတာလည်း မရှိဘူး။ ကျနော်တို့ဆီက ပြီးသွားရင်လည်း သူတို့ဆီက အကုန်လုံးက ခံဝန်ကတိနဲ့ ငွေသွင်းတဲ့ ချလန်မှာ ဖြည့်ဖို့ ကျန်ပြန်ရော၊ အဲဒါကို ရုံးမှာ တခါပြန်လာလုပ် ဖြစ်နေတယ်။ ရပ်ကွက်ရုံးမှာ အကုန်လုံးပြန်လုပ်ပြီးမှ တခါပြန်တင်ရမှာဆိုတော့ ကျနော်တို့မှာ ဇယားရှုပ်သွားတာပေါ့။ ရပ်ကွက်ထဲမှာ တဦးချင်းလိုက်မေး၊ ဖုန်းဆင်းကတ်မရသေးဘူးလားဆိုပြီး လိုက်မေးပြီးမှ ဖောင်တွေ ပြန်ဖြည့် ပြန်လုပ်နေရတယ်” လို့ ပြောပါတယ်။

ထားဝယ်မှာ ဖုန်းဆင်းကတ် မှောင်ခိုဈေးကွက်တော့ သီးသန့်မရှိဘဲ အချင်းချင်း ပြန်လည်ရောင်းချတဲ့ ပေါက်ဈေးတော့ ရှိတယ်လို့ ပြောပါတယ်။

“လူတွေထင်တာက ရတဲ့ဖုန်းကတ်နဲ့ ဖုန်းဆက်လို့ ရမယ်ထင်တယ်။ ပေါက်လာတဲ့အချိန်မှာ သွားပြီးစိစစ်တော့ မရဘူး။ ဖုန်းဟန်းဆက်က ၄ သောင်းကျော်ကနေပြီး ၁ သိန်းကျော်ထိရှိတယ်။ အဲဒါကို မတတ်နိုင်တော့ ခင်ရာမင်ရာ ၅ ထောင်နဲ့ ရောင်းတာလည်း ရှိတယ်။ ၁ သောင်းနဲ့ ရောင်းတာလည်း ရှိတယ်။ ၂ သောင်းနဲ့ ပြန်ရောင်းတာလည်း ရှိတယ်။ အစားစားရှိတယ်။”

ထားဝယ်မှာ ဖုန်းဆင်းကတ်တွေ ရောင်းချပေးနေပေမယ့် တာဝါတိုင် တခုတည်းရှိတဲ့အတွက် ဆက်သွယ်ရေး အဆင်မပြေကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ ကျော်ဆန်းက ထားဝယ်မှာ အစကတည်းက တာဝါတိုင်တခုတည်းရှိတဲ့အတွက် တတိုင်တည်းအတွက်ပဲ ဖုန်းဆင်းကတ် ခွဲတမ်းချပေးတာဖြစ်ကြောင်းနဲ့ ဖုန်းလိုင်းတွေ အဆင်ပြေရေးအတွက်လည်း နိုင်ငံတော်က တာဝန်ယူလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“တာဝါတိုင်တွေကတော့ နိုင်ငံတော်က စီမံကိန်းတရပ်အနေနဲ့ တတိုင်ပြီးတတိုင် ထောင်လာမှာပေါ့။ အခုတိုင်ကတော့ အရင်ကတည်းက ရှိပြီးသားတိုင်။ ထားဝယ်မှာ ၁ တိုင်နဲ့ မြိတ်မှာ  ၂ တိုင်ရှိတယ်။”

တနင်္သာရီတိုင်းမှာ ဖုန်းဆင်းကတ် ၄၅၀၀ ချပေးထားတဲ့အနက် မြိတ်မြို့အတွက် ဆင်းကတ် ၃၀၉၀ နဲ့ ကျန်တာ ထားဝယ်မြို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ မြို့အချို့မှာတော့ ဖုန်းဆင်းကတ် မှောင်ခိုဈေးကွက်တွေ ဖြစ်ပေါ်နေပြီး မန္တလေးမှာ ၂ သောင်းနဲ့ ၃ သောင်းကနေ နံပါတ်လှရင် ၇ သောင်းအထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
အစိုးရက တယ်လီဖုန်းဆင်းကတ် ၃ သိန်းခွဲကို ဧပြီ ၂၄ ရက်ကစပြီး မြန်မာတနိုင်ငံလုံး အချိုးကျ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013