Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ် ကျေးရွာအချို့တွင် သောက်သုံးရေပြတ်လပ်
DVB
·
May 15, 2020
97197962_1594466190700962_8548814154201300992_n
95953473_1594466294034285_8658854312996241408_n
97802023_1594466707367577_2679703411066142720_n
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ် ဘယာကျေးရွာနဲ့ အနီးအနားရှိ ကျေးရွာတွေမှာ သောက်သုံးရှားပါးပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ရွာသူရွာသားတွေဟာ သောက်သုံးရေ ရရှိဖို့အတွက်  ကျေးရွာနဲ့ ၁ မိုင်ကျော်လောက်ဝေးကွာတဲ့နေရာကို သွားရောက်ပြီး ရေခပ်နေရတယ်လို့ ဘယာကျေးရွာကျောင်းဟောင်းဆရာတော် ဦးဝရဗုဒ္ဓက မိန့်ကြားပါတယ်။ “ရွာမှာ ရေအခက်အခဲကတော့ နှစ်တိုင်းဖြစ်နေကြတယ်။ အခုဆိုရင် စိမ့်စမ်းရေထွက်တဲ့ ဒီ ၁ မိုင်လောက်ဝေးတဲ့နေရာကို ရေပုံး ၅ ဂါလန်ဆန့်တဲ့ပုံးနဲ့ ခေါင်းရွက် ထမ်းပိုးပြီးတော့ပဲ သွားခပ်နေကြရတယ်။ မနက်မိုးလင်းအစောကြီး သွားခပ်ရတယ်။ နောက်တခုက အချိန်မတော် သွားလာရတဲ့အတွက်ကြောင့်မို့ အမျိုးသမီးတွေအတွက်လည်း အခက်အခဲရှိတာပေါ့။” အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ဘယာကျေးရွာမှာ ရေကန်တွေရှိပေမဲ့ ရေခန်းခြောက် သွားတာကြောင့် သောက်သုံးရေပြတ်လပ်နေတာဖြစ်ပြီး ရေရရှိအောင် နေ့စဉ်မနက်ကတည်းက ရေကိုအချိန်ပေး သယ်ယူနေရတယ်လို့ ဘယာကျေးရွာနေ ဒေါ်ဝေမသာက ပြောပါတယ်။ “ရေအခက်အခဲကတော့ အများကြီးကြုံနေရတာပေါ့။ ကန်အနေအထားကတော့ သုံးလေးငါးကန်ရှိပေမဲ့ အလျားအနံသာရှိပြီး ဇောက်မရှိတဲ့အတွက် ရေငတ်တဲ့ ပြဿနာအများကြီးကြုံရတယ်။ အခုဆိုရင် မိုးလင်း ၄ နာရီနေထပြီးတော့ ခပ်ရတာဟာ ထမင်းချက်ပြီး စားတဲ့တချက်လောက်ပဲ၊ နေ့မအားညမအား ရေကိုခပ်နေရပြီ။”  ကျောက်ဖြူမြို့နယ်ရှိ ရေရှားပါးတဲ့ကျေးရွာတွေကို ကျေးလက်ဦးစီးဌာနက ရေကန်တွေ တူးဖော်တာတွေလုပ်ဆောင်နေပေမဲ့ ရာသီဥတုပူပြင်းခြောက်သွေ့လာတာတွေကြောင့် ရေခန်းခြောက်မှုနဲ့ ကြုံတွေ့နေရတာပါ။ ကျေးရွာနေပြည်သူတွေအနေနဲ့ ဆည်တွေတည်ဆောက်ပေးဖို့ မြေနေရာရရှိအောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ရေရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ ကျောက်ဖြူမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်က ပြောပါတယ်။ “ကျနော်တို့ ဌာနအနေနဲ့ကတော့ ရေလိုအပ်တဲ့ဖြစ်နေတဲ့ကျေးရွာတွေမှာ ပေ ၁၀၀ ပတ်လည်၊ ၆ ပေအနက်၊ ၈ ပေအနက် ရေကန်လေးတွေကို တူးဖော်ပေးခဲ့တယ်။ သို့သော် ရမ်းဗြဲကျွန်း ကျောက်ဖြူမြို့နယ်ရဲ့ မြေနဲ့ရာသီဥတုအနေအထားသည် အလွန်တရာမှ မြေအောင်ရွှံ့နွံ့တောတွေများတဲ့အခါမှာ ကျနော်တို့ တူးဖော်ခဲ့တဲ့ ရေကန်တွေက သူရဲ့အနက်ပေအလျောက် ရာသီဥတုပူပြင်းလာတဲ့အခါမှာ ရေရှားပါးလာတဲ့နေရာတွေကို တွေ့ရတယ်။ ဆိုတော့ ကျေးရွာသူ/ရွာသားတွေပိုင်ဆိုင်တဲ့ တောင်မြေတွေ၊ ယာမြေတွေ၊ လျှိုပိတ်မြေတွေရှိလို့ရှိရင်ကတော့ ကျနော်တို့ လျှိုပိတ်တဖက်ပိတ်ဆည်တို့၊ နှစ်ဖက် ပိတ်ဆည်တို့ကို ကျေးရွာ ၂ ရွာ၊ ၃ ရွာ အဲဒီလိုမျိုးဖြန့်ဝေပေးနိုင်ရင် ဆည်လေးတွေကို လုပ်ပေးနိုင်ရင်တော့ အခုလို ရေကန်လေးတွေ တူးဖော်ပေးတာထက် ပိုပြီးအကျိုးရှိရှိခံစားရမှာ။” ကျောက်ဖြူမြို့နယ်မှာ သောက်သုံးရေရှားပါးပြတ်လပ်မှုဒဏ်ကို နှစ်စဉ်ခံစားနေရတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျေးလက်ဦးစီးဌာနမှ ရေရရှိအောင် ရေကန်တွေကို တူးဖော်ပေးပေမဲ့ နွေရာသီရောက်တိုင်း ရေခန်းခြောက်ပြီး ရေပြတ်လပ်မှုကြုံတွေ့နေရတာကြောင့် ရေရှားပါးတဲ့ ကျေးရွာအုပ်စုတွေကို ရေကန်အစား တဖက်ပိတ်ဆည်အဖြစ် လုပ်ဆောင်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ သတင်း- နောင်နောင် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024