Home
မြန်မာသတင်း
တိုင်းရင်းသားဘာသာရုပ်သံလိုင်းများ လာမည့်နှစ် လွှင့်မည်
နန်းမြနဒီ
·
April 25, 2013
အစိုးရပိုင် ရုပ်မြင်သံကြားဌာနမှာ လာမယ့်နှစ် တိုင်းရင်းသားဘာသာတွေနဲ့ တိုးချဲ့ထုတ်လွှင့်ဖို့ လျာထားတယ်လို့ ပြန်ကြားရေး ဒု-၀န်ကြီးက တိုင်းရင်းသားမီဒီယာညီလာခံမှာ ပြောပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မြို့ စထရင်းဟိုတယ်မှာ ဒီကနေ့ မနက်က စတင်ကျင်းပတဲ့ တိုင်းရင်းမီဒီယာ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြန်ကြားရေး ဒု-၀န်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်တာပါ။ ပြည်ထောင်စု ရုပ်သံလိုင်းမှာ တိုင်းရင်းသားဘာသာ ၁၄ ခုနဲ့ ထုတ်လွှင့်ပေးမယ့်အပြင် အစိုးရပိုင် သတင်းမီဒီယာတွေကို ပြည်သူအလုပ်အကျွေးပြု မီဒီယာအဖြစ် ပြုပြင်ပြောင်းလဲသွားမယ်လို့ ဒုဝန်ကြီးက ပြောကြောင်း တိုင်းရင်းသားမီဒီယာညီလာခံဖြစ်မြောက်ရေးကော်မတီဝင် နိုင်ကဇော့မွန်က ပြောပါတယ်။ “ပြန်ကြားရေးဝန်ကြီးဌာန MRTVက တိုင်းရင်းသားရုပ်သံနဲ့ ရေဒီယိုကိစ္စတွေ ဆွေးနွေးပါတယ်။ တိုင်းရင်းသားဘာသာနဲ့ တီဗွီ အစီအစဉ်တွေလည်း လုပ်သွားမယ်တဲ့။ မီဒီယာပိုင်းကလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားမယ်လို့ ပြောတယ်။ နိုင်ငံတော်အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း၊ ကြေးမုံ၊ MRTV-4 တို့ဘာတို့ကိုလည်း ပြည်သူအကျိုးပြုဝန်ဆောင်မှု ရုပ်သံတွေနဲ့ သတင်းစာတွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှု လုပ်သွားမယ်လို့လည်း ပြောတယ်။” လက်ရှိ မြန်မာ့အသံမှာ တိုင်းရင်းသားဘာသာ ၁၄ မျိုးကို ရေဒီယိုအစီအစဉ်အနေနဲ့ မနက် ၆ နာရီကနေ မွန်းလွဲ ၁၂ နာရီထိ တကြိမ်၊ မွန်းလွဲ ၂ နာရီကနေ ည ၁၀ နာရီထိ တကြိမ် တနေ့ကို ၂ ကြိမ် ထုတ်လွှင့်ပေးနေပါတယ်။ ညီလာခံမှာ မွန်ြပည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်ကလည်း မီဒီယာဆိုတာ နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲရေးမှာ အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့လည်း ဘီအန်အိုင် (နိုင်ငံတကာမြန်မာသတင်းအဖွဲ့) ဖြစ်ပေါ်လာပုံနဲ့ လက်ရှိအစိုးရဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေအကြောင်းကို ပြောကြားခဲ့တယ်လို့ နိုင်ကဇော့မွန်က ပြောပါတယ်။ ၃ ရက်တာ ကျင်းပမယ့် တိုင်းရင်းညီလာခံမှာ -  တိုင်းရင်းသားမီဒီယာကဏ္ဍ၊ ဥပဒေ နဲ့ တိုင်းရင်းသားမီဒီယာတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲကျော်လွှားနိုင်မယ့် နည်းလမ်းတွေ၊ တိုင်းရင်းသားမီဒီယာကဏ္ဍ တိုးတက်ရေးအတွက် ပြည်တွင်းနဲ့ ပြည်ပ ကွန်ရက်အဖွဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ရေးကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ညီလာခံမှာ    ပြန်ကြားရေးဝန်ကြီးဌာနနဲ့တကွ တက်ရောက်လာသူတွေအနေနဲ့ တိုင်းရင်းသားမီဒီယာတွေအကြောင်း ပိုမိုနားလည်လာပြီး  တိုင်းရင်းသားမီဒီယာနဲ့ ပတ်သက်တဲ့ ဥပဒေ၊ တိုင်းရင်းသားမီဒီယာလွတ်လပ်ခွင့်တွေ ရရှိလာဖို့ မျှော်လင့်တယ်လို့ နိုင်ကဇော့မွန်က ပြောပါတယ်။ ဘီအန်အိုင်အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလ  ပြည်ပကနေ  လုပ်ကိုင်ခဲ့ပြီး အနာဂတ်မှာ ပြည်တွင်းက တိုင်းရင်းသားမီဒီယာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ပေါ်လာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေအပြင် ပြည်တွင်းပြည်ပ တိုင်းရင်းသား မီဒီယာအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ အထူးဖိတ်ကြားထားတဲ့ ပညာရှင်တွေပါ စုစုပေါင်း ၁၅၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ်  တိုင်းရင်းမီဒီယာညီလာခံကို ပြည်ပအခြေစိုက် နိုင်ငံတကာမြန်မာသတင်း အဖွဲ့ (ဘီအန်အိုင်) က ဦးဆောင်ကျင်းပနေပြီး အဲဒီအဖွဲ့ထဲမှာ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ကယား ၊ ရှမ်း  စတဲ့  တိုင်းရင်းသား သတင်းဌာနပေါင်း ၁၂ ဖွဲ့ ပါဝင်ပါတယ်။ Read more
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024