မြန်မာအမျိုးသားလေကြောင်းလိုင်း ပြည်ပလေယာဉ်ခရီးစဉ်များ ဇွန် ၁၅ ရက်အထိ ခေတ္တရပ်ဆိုင်း
DVB
·
May 15, 2020

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်မှာ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာအမျိုးသားလေကြောင်းရဲ့ ပြည်ပ လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲတာကို ၂၀၂၀ ဇွန်လ ၁၅ ရက်အထိ ခေတ္တရပ်ဆိုင်းမယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။
အဆိုပါကာလအတွင်း ဝယ်ယူထားတဲ့လေယာဉ်လက်မှတ်တွေကို Full Refund နဲ့ Free Date Change ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။
အေးဂျင့်ထံကနေ လေယာဉ်လက်မှတ် ဝယ်ယူထားတဲ့ ခရီးသည်တွေအနေနဲ့လည်း ကိုယ်ဝယ်ယူထားတဲ့ သက်ဆိုင်ရာ အေးဂျင့်ကတဆင့် refund ပြန်လည်ထုတ်ယူနိုင်ပြီး website ကနေဝယ်ယူထားပါက [email protected] သို့ အီးမေးလ်ပေးပို့ပြီး refund ပြန်လည်ရယူနိုင်တယ်လို့လည်း လေကြောင်းလိုင်းက အသိပေးထားပါတယ်။
ရပ်နားထားတဲ့ လေကြောင်းခရီးစဉ်တွေကို ၂၀၂၀ ဇွန်လ ၁၆ ရက်နေ့မှာ ပြန်လည်ပျံသန်းပြေးဆွဲသွားမှာဖြစ်ပြီး ပြောင်းလဲမှုရှိပါကလည်း ကြေညာပေးသွားမယ်လို့ သိရပါတယ်။
COVID-19 ကပ်ဘေးကာလမှာ မြန်မာအပါအဝင် နိုင်ငံအတော်များများမှာ နိုင်ငံတကာလေကြောင်းလိုင်းတွေကို ပျံသန်းဆင်းသက်ခွင့် မပေးတော့တဲ့ အတွက် လေကြောင်းလိုင်းတွေ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာမှုရှိ နေပါတယ်။
ဓာတ်ပုံ- MNA