A d v e r t i s e m e n t With Us

“ကိုယ့်ဘ၀ကိုယ်ပြင်၊ ရင်ဆိုင်ရုန်းကန်”

ဒီဆောင်းပါးကို ရေးဖို့ တော်တော်လေး စဉ်းစားခဲ့ပါတယ်။ ဆောင်းပါးက ခံစားချက်ဆောင်းပါးဖြစ်တာမို့ စဉ်းစားတာပါ။ ပုဂ္ဂိုလ်ရေး သိပ်ဆန်သွားမှာ စိုးလို့ပါ။ ဒါပေမဲ့ ရောဂါသက်သာချိန် Internet ကို စိတ်ပြေလက်ပျောက် ကြည့်လိုက်တော့ ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ သက်ဆိုင်သူတွေအတွက် တစ်စုံတစ်ရာ အကျိုးရှိမယ်လို့လည်း ထင်မြင်ယူဆမိပါတယ်။ တစ်ကမ္ဘာလုံးမှာ ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာ မြင့်တက်လျက်ရှိပါတယ်။ ၂ဝ၁၈ ခုနှစ်မှာ (၁၈ ဒသမ ၁) သန်း ဖြစ်ပွားခဲ့ပြီး (၉ဒသမ ၆)သန်း သေဆုံးခဲ့ပါတယ်။ အာရှတိုက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၆ဝ ရာခိုင်နှုန်းလောက်ရှိပြီး ကင်ဆာရောဂါဖြစ်ပွားမှု နှုန်းဟာ ကမ္ဘာ့ဖြစ်ပွားမှုနှုန်းရဲ့ ၅ဝ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ၂ဝ၁၈ ခုနှစ် စစ်တမ်းများအရဆိုရင် မြန်မာနိုင်ငံမှာ ကင်ဆာဖြစ်ပွားမှု ၆၉၅,၅၄ ဦး ရှိခဲ့ပြီး ၅၁ဝ,၅၉ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကင်ဆာဖြစ်ပွားမှုနှုန်း မှန်မှန် တိုးတက်လျက် ရှိပါတယ်။ ယနေ့ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်တဲ့ COVID-19 ထက် ဖြစ်ပွားမှုနှုန်းများပါတယ်။ (သေဆုံးတာလည်း များပါတယ်။) ကင်ဆာဖြစ်ပြီဆိုတာနဲ့ ဖြစ်တဲ့သူဟာ အနည်းနှင့်အများသာ ကွာပါမယ်၊ ကြောက်လန့်သွားတတ်ပါတယ်။ တစ်ပြိုင်နက် ကုသဖို့ ကြိုးစားကြတော့မှာပါ။ ယခင်ခေတ်တွေက ဆေးဝါးတွေထက်စာရင် ယခုခေတ် ကင်ဆာဆေးဝါးတွေက အစွမ်းထက် လာတော့ လူနာတွေဟာ ကြိုးစားပမ်းစား ကုသလာကြပါတယ်။ ကုန်ကျစရိတ်တွေများပေမယ့် လူ့သက်တမ်း ဆွဲဆန့်နိုင်လို့ တတ်နိုင်သမျှ ကုကြပါတယ်။ ဒီဆောင်းပါးဟာ ကင်ဆာကုသမှုခံယူစဉ် ကြုံတွေ့ရတဲ့ စိန်ခေါ်မှုကို ကျော်လွှားခဲ့ရတာတွေကို ရေးပြချင်တာပါ။ ဒါကြောင့် ကင်ဆာရောဂါဖြစ်ပွားသူတွေအတွက်တော့ တစ်စုံတစ်ရာ အကျိုးရှိမယ်ထင်လို့ ဒီဆောင်းပါးကို ရေးဖြစ်တာပါ။ "Stay Home" ဒီစကားလုံးက အခုအချိန်မှာ ခေတ်အစားဆုံးပါ။ COVID-19 အဆုတ်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် လုပ်တဲ့လုပ်ငန်းစဉ်ပါ။ ညွှန်ကြားရတာ လွယ်သလောက် လိုက်နာဆောင်ရွက်ဖို့အတွက် မခက်ခဲပေမယ့် "အိမ်မှာ လူတွေအကြား မနေချင်ကြပါဘူး" COVID-19 ဖြစ်ပွားစက အပြင်မထွက်ကြပေမယ့် နည်းနည်းကြာလာတော့ လူတွေ အပြင်ပြန်ထွက်လာကြပါတယ်။ မြန်မာ့လူနေမှုဓလေ့ထုံးစံအရ အိမ်ကျဉ်းကျဉ်းမှာ မိသားစုများတော့ "home quarantine" (အိမ်မှာပဲ နေခိုင်းခြင်း) လုပ်ရတာမှာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေနဲ့ညီဖို့ ခက်ခဲပါမယ်။ ပြည်သူတွေကို ''အိမ်မှာပဲနေပါလို့'' မေတ္တာရပ်ခံသော်လည်း ကြာလာတော့ ငြီးငွေ့ပြီး အပြင်ထွက်လာကြပါတယ်။ ဒါပေမဲ့ ထိရောက်တဲ့နည်းလမ်းဖြစ်လို့ အစိုးရက ပြည်သူတွေကို မေတ္တာရပ်ခံတာပါ။ စာရေးသူ ဆေးကုသနေချိန် မြန်မာပြည် ခေတ္တပြန်လာချိန် မန္တလေးမှာ (၃)ရက်နေထိုင်ပြီး ထိုင်းနိုင်ငံကို ကမန်းကတန်း ပြန်သွားရပါတယ်။ ထိုင်းနိုင်ငံက လေကြောင်းလိုင်းတွေ ပိတ်မယ်ဆိုတဲ့ သတင်းကြားရလို့ပါ။ ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၂၂ ရက်နေ့ ထိုင်းနိုင်ငံကို ဝင်လာမယ့်သူတွေဟာ ကျန်းမာရေးအာမခံ ဒေါ်လာ(၁)သိန်းတန် ရှိရမယ်ဆိုတော့ ဒီလိုအာမခံမျိုး စာရေးသူတို့ မထားနိုင်လို့ ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ၂၁ရက်နေ့ ပြန်သွားရတာပါ။  ထိုင်းနိုင်ငံ ပြန်ရောက်လို့ ဆေးရုံသွားပြတော့ Quarantine (၁၄)ရက် နေရမယ်၊ ချက်ချင်းဆေးပြန်ကုမပေးပါဘူး။ COVID-19 ကင်းပါမှ ပြန်ကုမှာဆိုတော့ ကိုယ့်အကျိုး အတွက်ဖြစ်လို့ Stay-at-apartment (တိုက်ခန်းထဲမှာ ဘယ်မှမထွက်ဘဲ (၁၄)ရက်ပြည့်အောင်နေရပါတယ်။) Quarantine ပြည့်လို့ ဆေးရုံပြန်သွားပြတော့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နဲ့ အစစ်ခံရပါသေးတယ်။ (၂)ကြိမ် စစ်၍ နှစ်ကြိမ်စလုံး ရောဂါပိုးမရှိမှ ဆေးဆက်ကုသပေးတာပါ။ “အတိတ်သို့ ပြန်လည်ခရီးနှင်ခြင်း” Stay-at-home ခေါ်ခေါ်၊ home quarantine ခေါ်ခေါ် စာရေးသူအတွက် အရေးမကြီးပါဘူး။ တစ်ဦးတည်းနေရခြင်းဟာ တွေ့ကြုံခံစားခဲ့ပြီးလို့ အလွယ်တကူကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ အချိန်အခါပေါ်မူတည်ခဲ့လို့ ဒီတစ်ခါ တော်တော် ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပါသေးတယ်။  စာရေးသူတို့ ၁၉၉၅ ခုနှစ်ကတည်းက (၁ဝ)ပေပတ်လည် အခန်းထဲမှာ တစ်ယောက်တည်းနေခဲ့ရတာပါ။ တစ်နေ့လုံးနေမှ ၁၅ မိနစ်ပဲ အပြင်ထွက်ခဲ့ရတာပါ။ အထဲမှာ ဒုတိယအကြိမ် တရားစွဲဆိုခံရပြီး ထောင်ထပ်ကျတာပါ။ အသေးစိတ်ရေးဖို့ မဟုတ်ပါဘူး။ ပြန်ပြောပြတာပါ။ မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံးတိုက်(စစ်ခွေးတိုက်ခေါ်ပါတယ်)ထဲမှာ ၆ လလောက်နေခဲ့ရတာပါ။ စာရေးသူတို့ (၈)ဦးပါ။ နာမည်ကြီးပုဂ္ဂိုလ်ကတော့ ဟံသာဝတီ ဦးဝင်းတင်ပါပါတယ်။ ၁၅ မိနစ်ဆင်းရချိန်မှာ ဆရာ့ဆီသွားပြီး စကားပြောကြပါတယ်။ အဲဒီမှာ ဆရာက အားပေးစကား ပြောတယ်။ နိုင်ငံရေးကို ပြောပြတယ်။ ထောင်ထဲမှာ ဆရာ့ရဲ့ ကဗျာတွေ စာရေးသူတို့အဖွဲ့တွေ ဖတ်ရပါတယ်။ အဲဒီကဗျာတွေထဲမှာ ''ကျားရဲ ငါ''ဆိုတဲ့ ကဗျာက စာရေးသူတို့အတွက် အားဆေးဖြစ်ခဲ့ပါတယ်။ အကုန်လုံး မမှတ်မိတော့ပါဘူး။ အနှစ်သာရကတော့ ပိတ်လှောင်ခံထားရလို့ ကျားရဲ့သွင်ပြင်၊ ကျားရဲ့စွမ်းအားတွေ ပျောက်မသွားဘူးဆိုတဲ့ အနှစ်သာရ ပါ။ အခန်းထဲမှာ (၁ဝပေပတ်လည်) ဟိုဘက်ထိပ် ဒီဘက်ထိပ်လျှောက်ရင်း ငါလည်း ကျားရဲတစ်ကောင်ပဲလို့ ဆိုထားတာပါ။ စစ်ခွေးတိုက်မှာ ဆရာက ၆၅ နှစ်ပြည့်ပါတယ်။ ကဗျာတစ်ပုဒ်ရေးပြီး ညကျဖတ်ပြပါတယ်။ စာရေးသူကို အလွတ်ကျက်ခိုင်းပါ တယ်။ နည်းနည်းမှတ်မိပါတယ်။ ကျန်ရင်လည်း စာတစ်ကြောင်းပါပဲ။  ကဗျာလေးက... အရေးတော်ပုံက မွေးဖွား ၆၅ နှစ်သား ငါ စစ်အာဏာရှင်ကို တော်လှန်ရင်း ဘာမထီ အံခဲလို့ ထောင်ဆွေးဆွေး လူဆွေးဆွေး လှေခွက်ချည်းကျန် အလံမလှဲ။   နောက် ဟိုက္ကု ကဗျာလေးတစ်ပုဒ်ကတော့... ဇောမာန်နဲ့ ထုဆစ် တံတိုင်းတွေပြိုတဲ့ ပွင့်လင်းခေတ် မီးလျှံငှက် Phoeinx ဒီလို ဆရာ့ကဗျာများဖတ်ရင်း၊ ရဲဘော်ရဲဘက်ချင်း အားပေးရင်း၊ စာရေးသူတို့လည်း ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း နှစ်(၂ဝ) နီးပါးတိုင်အောင် ထောင်ထဲမှာ နေခဲ့ရ၊ ကျော်ဖြတ်ခဲ့ရတော့ ဒီတစ်ခါ ကင်ဆာကုတာ သီးသန့်ခန်း(၁)လလောက်နေရတာကို အလွယ်တကူ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပြင်ဆင်ထားတာပါ။ ''လက်တွေ့မှာ တကယ်ခက်ခဲပါတယ်'' စာရေးသူဟာ ထောင်ထဲမှာတုန်းကလည်း ကျန်းမာရေးအတွက် နေ့စဉ် Jogging လုပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလည်း လုပ်ပါတယ်။ တရားလည်း ထိုင်ခဲ့ပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်းကြံ့ခိုင်တယ်လို့ ယူဆထားတဲ့ သူပါ။ အပြင်ပြန်ထွက်လာတော့လည်း လမ်းလျှောက်ပါတယ်။ ပျက်ကွက်ရက်မရှိပါဘူး။ ဒါကြောင့် ကိုယ့်အသက်အရွယ်အရ ကျန်းမာရေးကောင်းတယ်လို့ ယူဆထားတာပါ။  ''သွေးကင်ဆာ'' ဖြစ်ပြီလို့ သိလိုက်ရတော့ ထူးပြီး မတုန်လှုပ်ခဲ့ပါဘူး။ ကြောက်သလားမေးရင် ကြောက်တယ်လည်း မဟုတ်ဘူး၊ မကြောက်ဘူးလို့လည်း ပြောမရပါဘူး။ ကုသဖို့ နည်းလမ်းတွေ ရှိလာပြီဖြစ်လို့ ကုသမှုခံယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ပြင်ဆင်ခဲ့ပါတယ်။ သားကြီးက ပြန်လာပြီး ကုသမည့်နည်းလမ်းတွေကို ကုသမည့် ဆရာဝန်နဲ့ ဆွေးနွေးခဲ့ပါတယ်။ စာရေးသူက ဘေးက နားထောင်နေရုံပဲရှိပါတယ်။ သားကြီးရဲ့ ဦးဆောင်မှုနောက်က မိတ်ဆွေတွေက အားပေးနေကြတယ်။ သားအငယ်ကလည်း သူခွင့်ရတုန်း ပြန်လာပြီး လုပ်ကိုင်ပေးခဲ့တာပါ။ ရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုက ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကတော့ ကိုယ့် အပေါ်မူတည်နေတာပါ။  "အစ်မကတော့စာရေးသူကို တရားမှတ်ဖို့'' ပြောခဲ့၊ ညွှန်ပြခဲ့ပါတယ်။ အဲဒီကတည်းက ''အာနပါနဿတိ'' ကို ရှုမှတ်ခဲ့တာပါ။ ပါမောက္ခချုပ် ဆရာတော်ရဲ့ တရားတော်တွေကိုလည်း တောက်လျှောက်နာခဲ့ပါတယ်။ ဒါကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်း နှစ်ခုစလုံး အဆင်သင့်ဖြစ်ပြီလို့ ယုံကြည်မှတ်ယူထားခဲ့ပါတယ်။ ''ကင်ဆာရောဂါတိုက်ဖျက်သည့် ဓာတုဆေးဝါးများ'' ကင်ဆာရောဂါကုသသည့် နည်းလမ်းများစွာရှိပါတယ်။ စာရေးသူ၏ ကင်ဆာရောဂါကို Chemotherapy ခေါ် ဓာတု ဆေးဝါးများဖြင့် ကုသရသည့်နည်းလမ်းဖြစ်ပါတယ်။ မန္တလေးပြည်သူ့ဆေးရုံကြီး စာရေးသူ ရောက်ရှိချိန် ကင်ဆာဆေးသွင်းသူများဖြင့် ပြည့်ကျပ်နေသည်ကို တွေ့ခဲ့ရတယ်။ ဒါကြောင့် နေရာကျယ်ကျယ်ဝန်းဝန်းရရန် သမ္မတကြီး မန္တလေးလာစဉ် ခေါ်ပြခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးကို နေရာရှာပေးဖို့ လမ်းညွှန်တော့ ကန်တော်နဒီဆေးရုံကိုရမယ်လို့ ကတိရခဲ့ပါတယ်။ လောလောဆယ် ကန်တော်နဒီက COVID-19 ရောဂါ Positive လူနာများကုရန်ထားတဲ့ နေရာဖြစ်နေပါတယ်။ စာရေးသူတို့နိုင်ငံမှာ ကင်ဆာရောဂါ ပေါများမှန်း၊ ကင်ဆာဆေးသွင်းသူတွေများမှန်း ဆေးရုံကြီးရောက်မှ မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ ဓာတ်ရောင်ခြည်နဲ့ကုရဖို့ဆိုရင် အချိန်စောင့်ရတယ်ဆိုတာလည်း သိခဲ့ရပါတယ်။ စာရေးသူရဲ့ရောဂါ စကုကတည်းက ကင်ဆာဆေး(ဓာတုဆေးဝါး) သုံးမျိုးကို သွင်းခဲ့ပြီးပါပြီ။ ဆေးပတ်လည်အောင် သွင်းခဲ့တာပါ။ တစ်မျိုးက (၃)ကြိမ်သွင်းပြီးတော့မှ အဆုတ်မှာ အစက်အပြောက်တွေ တွေ့ရလို့ ရပ်ခဲ့ရပါတယ်။ အဲဒီ ဓာတုဆေးဝါးမှာတုန်းက ဘေးထွက်ဆိုးကျိုး သိပ်မရှိခဲ့ပါဘူး။ ပထမဆုံးအကြိမ်မှာ သွေးပေါင်ချိန် အပေါ်သွေး ၂ဝဝကျော်၊ အောက်သွေး ၁၄ဝ လောက်ထိဖြစ်ပြီး အသက်ရှူ မဝသလိုဖြစ်လို့ ဖြေဆေးပေးခံရတာကလွဲလို့ နောက်ထပ်ဘာမှ ဘေးထွက ဆိုးကျိုးသိပ်မရှိခဲ့ပါဘူး။ ခြေလက်ထုံကျဉ်တာတွေလည်း မဖြစ်တော့ ခံနိုင်ရည်ရှိတယ်လို့ မှတ်ယူခဲ့ပါတယ်။ ရောဂါကလည်း သက်သာတယ်လို့ ထင်ရပေမယ့် တကယ်တော့ ရောဂါတန့်သွားတာပါ။ နောက်ဆုံး Stem Cell Replacement (ပင်မ ဆဲလ်အစားထိုးခြင်း)လုပ်ဖို့ ကင်ဆာဆေးတစ်မျိုး ထပ်ထိုးရပါတယ်။ ဒီကင်ဆာဆေးကတော့ စာရေးသူ ဘယ်လိုမှ တောင့်ခံနိုင်စွမ်းမရှိခဲ့ပါဘူး။ လုံးဝ လုံးဝ အလျှော့ပေးခဲ့ရပြီး ဘေးထွက်ဆိုးကျိုး ပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတယ်။ အခက်အခဲဆုံး ကာလ (တစ်လလောက်)ဖြတ်သန်းခဲ့ရတာကို ဆောင်းပါးအနေနဲ့ ပြန်တင်ပြချင်လို့ အခုလို အကျယ်တဝင့်ရေးရတာပါ။ နောက်ကင်ဆာကို ကုသမည့်သူများ ပြင်ဆင်လေ့ကျင့်ထားရန် ရည်ရွယ်ရင်းဖြစ်ပါတယ်။ "Stem Cell Replacement" (ပင်မဆဲလ်အစားထိုးခြင်းလုပ်ငန်း) ပင်မဆဲလ်ဆိုတာက စာရေးသူတို့ ''ချဉ်ဆီ''ထဲမှာ ရှိပါတယ်။ ပင်မဆဲလ်တွေ အရွယ်ရောက်ဖွံ့ဖြိုးလာရင် သွေးထဲရောက် လာပါတယ်။ ပင်မဆဲလ်တွေက စာရေးသူတို့ရဲ့ သွေးထဲရှိ သွေးဆဲလ် (Blood Cell) တွေကို ထုတ်လုပ်ပေးပါတယ်။ သွေးနီဥတွေ ထုတ်ပေးပါတယ်။ အဆုတ်ထဲကနေ အောက်ဆီဂျင်ကို သယ်ယူပြီး ခန္ဓာကိုယ်ရှိ အခြားဆဲလ်တွေထံ ပို့ပေးပါတယ်။ သွေးဖြူဥတွေ ထုတ်ပေးပါတယ်။ ရောဂါပိုးတွေကို တိုက်ဖျက်ပါတယ်။ ရောဂါမဖြစ်အောင် ကာကွယ် ပေးပါတယ်။ Virus တွေကိုလည်း တိုက်ခိုက်နိုင်ပါတယ်။ Platelet လို့ခေါ်တဲ့ ဆဲလ်ကိုလည်း ထုတ်ပေးတယ်။ သွေးခဲ အောင်လုပ်တာမှာ အရေးကြီးပါတယ်။ ဒီဆဲလ်နည်းရင် သွေးယိုစီးမှုတွေဖြစ်ပါတယ်။ ပင်မဆဲလ်အစားထိုးဖို့ စာရေးသူရဲ့ ချဉ်ဆီထဲက ပင်မဆဲလ်တွေထွက်လာအောင် ဆေး(၃)ရက်ဆက်တိုက်ထိုးရပါတယ်။ ကံကောင်းပါတယ်။ ဆေး(၃)ရက်ထိုးရုံနဲ့ လိုအပ်တဲ့ ပင်မဆဲလ်အရေအတွက်ကို ရခဲ့ပါတယ်။ မရရင် အထူးဆေးထိုးရမယ်ဆိုတာ မထိုးခဲ့ရပါဘူး။ ဒီလို ဆေး(၃)ရက် ထိုးပြီးတော့ သီးသန့်ခန်းထဲ ဝင်ရပါတယ်။ စာရေးသူတစ်ယောက်ထဲမှာ အပူချိန်က 21-22 ဒီဂရီ စင်တီဂရိတ် ရှိတဲ့ အခန်းပါ။ စာရေးသူအခန်းနဲ့ Nurse (နပ်စ်)အခန်းကြားမှာ တံခါးရှိပါတယ်။ စာရေးသူအခန်းထဲကို လိုက်စောင့်တဲ့သူတစ်ယောက် နေခွင့်ရှိပါတယ်။ စောင့်ရတဲ့သူက နှာခေါင်းစည်း၊ ခေါင်းဆောင်း၊ အကာအကွယ်ဝတ်စုံအပြည့်ဝတ်ပြီး နေရပါတယ်။ Nurse ကလည်း အပြည့်အစုံဝတ်ရပါတယ်။ စာရေးသူကတော့ နှာခေါင်းစည်းတစ်ခုတည်းပဲ ဝတ်ရပါတယ်။ အအေးဒဏ်မခံနိုင်လို့ ခေါင်းစွပ်၊ ခြေအိတ်၊ လက်အိတ်၊ အနွေးထည် (၂)ထပ်နဲ့ နေရပါတယ်။ အဲဒီအထူးခန်းမှာ တစ်ရက်နားရပြီး နောက်ရက်မှာ ချဉ်ဆီကနေ ပင်မဆဲလ်ကို ထုတ်ယူပါတယ်။ (၃)ရက်ဆက်တိုက် စာရေးသူ သွေးထဲက ထုတ်ပါတယ်။ (၃)ရက်ပြည့်ပြီး နောက်ရက်မှာ ကင်ဆာဆေးကို ထိုးပါတယ်။ ဘယ်လောက်ပမာဏထိုးသလဲလို့ မေးကြည့်တော့ super lethal dose (သွေးထဲရှိ သွေးဖြူဥ၊ Platelet တွေ အကုန်လုံး ပျက်စီးစေတဲ့ ပမာဏ) ထိုးတယ်လို့ ပြောပါတယ်။ ဒီဆေးထိုးပြီးတော့ စာရေးသူ ချဉ်ဆီထဲက ထုတ်ယူတဲ့ ပင်မဆဲလ်တွေကို ပြန်သွင်းပါတယ်။ (၂)ရက် ပြန်သွင်းရပါတယ်။ ဒုတိယရက်မှာ သွေးသွင်းရင်း သွေးပေါင်ချိန်တက်လို့ ဆေးသောက်ယူရပါတယ်။ ကင်ဆာဆေးက စပြီးအစွမ်းပြပါတော့တယ်။ ပါးစပ်နဲ့ အာခေါင်တွေ ခြောက်သွေ့လာတယ်။ ဘာမှလည်း စားလို့မရအောင် စားချင်စိတ်ပျောက်သွားပါတယ်။ ဝမ်းလျှောပါတယ်။ မဖျားတာကလွဲလို့ ဝမ်းလျှောတဲ့ ဒဏ်ကို ယနေ့ထိ ခံနေရဆဲပါ။ စာရေးသူကို လိုက်စောင့်ရှောက်သူ အားလုံး အပြင်ကနေ(ချောင်းကြည့်ပေါက်) အားပေးနေကြပါတယ်။ ဒါကြောင့်လည်း စာရေးသူ အားတင်းခံနိုင်ခဲ့တာပါ။ အစ်မကလည်း Viber Massage ပို့ပြီး အားပေးပါတယ်။ ဒီလိုအားပေးမှုတွေမရှိရင် စာရေးသူ ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ ''ဘာတွေပြင်ထားမလဲ'' ကင်ဆာရောဂါဖြစ်ပွားမှုကတော့ မြင့်တက်နေဦးမှာပါ။ မြန်မာမှာသာမက ကမ္ဘာမှာလည်း မြင့်တက်နေမှာပါ။ လူနေမှုပုံစံတွေ ပြောင်းလဲပြီး အသင့်အစားအစာတွေ စားသုံးခြင်း၊ ကွမ်း၊ ဆေးလိပ်၊ အရက်သောက်သုံးခြင်းတွေ များလာခြင်း၊ ပတ်ဝန်းကျင်လေထု၊ ရေထုညစ်ညမ်းခြင်းတွေက ကင်ဆာဖြစ်ပွားမှုကို အားပေးနေတာပါ။  မြန်မာယောကျ်ားတွေမှာ အဆုတ်နဲ့ လေပြွန်ကင်ဆာဖြစ်ပွားမှုက ၁၆ ဒသမ ၆ ရာခိုင်နှုန်း၊ ပါးစပ်နဲ့ အာခေါင်ကင်ဆာက ၁၂ ဒသမ ၉ ရာခိုင်နှုန်း၊ အသည်း ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ အစာအိမ် ၁၁ ဒသမ ၃ ရာခိုင်နှုန်း၊ အစာမျိုရေမျို ၈ ဒသမ ၉ ရာခိုင်နှုန်းနဲ့ အခြား ကင်ဆာ များက ၃၇ ဒသမ ၉ရာခိုင်နှုန်းရှိပါတယ်။ အမျိုးသမီးတွေကတော့ အဆုတ်လေပြွန်ကင်ဆာက ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ သားအိမ်ခေါင်းကင်ဆာက ၁၂ ဒသမ ၇ ရာခိုင်နှုန်း၊ ရင်သားကင်ဆာက ၁၁ ဒသမ ၈ ရာခိုင်နှုန်း၊ အစာအိမ် ၇ဒသမ ၂ ရာခိုင်နှုန်း၊ အသည်း ၆ ဒသမ ဝ ရာခိုင်နှုန်းနဲ့ အခြား ၄၈ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။  ဒါကြောင့် ကင်ဆာရောဂါ ဖြစ်ပြီဆိုရင်ကုသဖို့အတွက် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရပါလိမ့်မယ်။ ကင်ဆာကုထုံးတွေကြောင့် အသက်ရှင်သန်မှုဟာ လွန်ခဲ့တဲ့ အနှစ်(၄၀)ခန့်ထက်စာရင် အတော်ကောင်းမွန်လာခဲ့ပါတယ်။ ကင်ဆာဖြစ်ပြီဆိုတာနဲ့ ငါ့မှာ ကင်ဆာ ဖြစ်ရလေခြင်း လို့ မတွေးပါနဲ့၊ ကင်ဆာရဲ့ အခြေခံက မူမမှန်တဲ့၊ ဗီဇပြောင်းတဲ့ဆဲလ်တွေ ပိုများလာခြင်းဖြစ်လို့ ရုပ်ခန္ဓာရှိနေသရွေ့ ရောဂါရှိနေသလိုကင်ဆာလည်း ဖြစ်ပွားနိုင်တာပါပဲ။ ကင်ဆာဖြစ်ပြီဆိုတာနဲ့ မိသားစုနဲ့ အရင်တိုင်ပင်ပါ။ အခြေခံအကျဆုံးအချက်ပါ။ ဘယ်လိုကုမလဲ။ ဘယ်နည်းလမ်းနဲ့ ကုသမလဲ။ ကုန်ကျစရိတ် ဘယ်လိုရှိမလဲဆိုတာတွေကို စဉ်းစားထားရပါမယ်။ ပြီးရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရပါမယ်။ ကုသလို့ရမယ့်အကျိုး၊ အောင်မြင်မှု ဘယ်လောက်ရှိမယ်၊ ဘယ်လောက်ကြာမြင့်မယ်၊ အခြားကုန်ကျစရိတ် ဘယ်လောက်ရှိမယ်ဆိုတာတွေပါ တွက်ရပါမယ်။  ကင်ဆာရောဂါဝေဒနာရှင်ဟာ ရောဂါရှိပြီဆိုတာနဲ့ တတ်နိုင်သမျှ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကို လေ့ကျင့်ပါ။ တရားထိုင်ခြင်း၊ တရားခွေများ နားထောင်ခြင်းတွေနဲ့ လေ့ကျင့်ပါ။ ရုပ်ပိုင်းဆိုင်ရာကလည်း လေ့ကျင့်ယူရပါမယ်။ အားရှိမယ့် အစာကိုပဲစားပါ။ အသီးအနှံများများစားပါ။ အရောင်ပါသော အသီးအရွက်များကို စားပါ။ လေ့ကျင့်ခန်း လမ်းလျှောက်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းကို များများလုပ်ပါ။ အခုရေးပြခဲ့တာတွေအားလုံး စာရေးသူလုပ်ခဲ့တာပါ။ ဒါတောင် တော်တော်ခံခဲ့ရပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်းတွေအပြင် အခြား လိုအပ်ချက် တစ်ခုကတော့ မိသားစု၊ မောင်နှမများ အပါအဝင်နဲ့ မိတ်ဆွေများ(အနီး+အဝေး+ ဆိုရှယ်မီဒီယာ)ရဲ့ အားပေးမှုပါ။ ဒီအားပေးမှုကနေ ဝေဒနာရှင်ကို ခွန်အားဖြစ်စေပါတယ်။ ဒီခွန်အားကလည်း စိတ်ပိုင်းဆိုင်ရာကို အားပေးပါတယ်။ နောက်ဆုံးချုပ်လိုက်ရရင် ကင်ဆာရောဂါဝေဒနာရှင်က စိတ်ပိုင်း၊ရုပ်ပိုင်းပြင်ဆင်ထားပြီး၊ မိသားစုနဲ့ မိတ်ဆွေကောင်းတို့၏ အားပေးမှု အလွန်အရေးကြီးတယ်ဆိုတာ ပြောလို့ရပါတယ်။ စာရေးသူရဲ့ ရောဂါကုသမှု (၃)ပုံ(၂)ပုံပြီးပြီလို့ ပြောရပါမယ်။ ဆက်တော့ကုသရပါဦးမယ်။ ကြိုးစားရပါဦးမယ်။ ကံပေးသမျှဆိုတာကိုလည်း သိနေပါတယ်။ အာဟာရနဲ့ ဥတုလည်း အရေးပါမှန်းသိနေတော့ အနေအထိုင်အစားအသောက် ဆင်ခြင်ရမှာပါ။ ကံဆိုလို့ ပြောရဦးမယ်။ စာရေးသူ ထိုင်းနိုင်ငံကို ကင်ဆာရောဂါကုသွားချိန် ဆေးရုံမှာ စာရေးသူရဲ့မိတ်ဆွေ(ဒေါ်ခင်ကြည် Foundation)ကလည်း ကင်ဆာကုသနေချိန်ပါ။ သူ့ရဲ့ အကူအညီပံ့ပိုးမှုတွေ အများကြီးရခဲ့ပါတယ်။ အစားအသောက်ပုံစံတွေပါ သူက လမ်းညွှန်ခဲ့တာပါ။ ဒါတွေဟာ စာရေးသူရဲ့ ကံတွေကြောင့် ပြန်သုံးသပ်မိပါတယ်။ကျေးဇူးလည်း တင်နေမိပါတယ်။ နောက်ဆုံး မပါမဖြစ်၊ မရေးမဖြစ် ဖော်ပြမှာကတော့ စာရေးသူရဲ့ ဇနီးနဲ့ သမီးပါ။ ဇနီးကတော့ နှစ်ပေါင်းများစွာ (ထောင်ထဲ ရှိစဉ်ကာလ)လည်း စောင့်ရှောက်ခဲ့ပြီးပါပြီ။ အခုလည်း သူ့အကူအညီ (၆)လစလုံး စောင့်ရှောက်ခဲ့ပါတယ်။ သမီးကလည်း အစိုးရဝန်ထမ်းဖြစ်တော့ တောက်လျှောက် လိုက်မလာပေမယ့် လိုက်လာနိုင်တဲ့အချိန် လိုက်ပြီး စောင့်ရှောက်ပေးခဲ့တာပါ။ သားတွေကလည်း နေ့စဉ်သတင်းမေးကြသလို စမ်းသပ်မှု အဖြေတွေနဲ့ပတ်သက်လို့လည်း အကြံပေးကြပါတယ်။ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ အားပေးမှုနဲ့ တောင်တစ်လုံးကို ကျော်နိုင်ခဲ့ပါပြီ။ နောက်ဘယ်နှစ်လုံး ကျန်ဦးမလဲ မသိနိုင်ပါဘူး။ ရင်ဆိုင်ကျော်လွှားရတာကိုက လူ့သဘာဝ ဖြစ်စဉ်ပါ။ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ကျေးဇူး စာရေးသူအပေါ် အများကြီး တင်သွားပါပြီ။ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေ။ အညာသား (ဤဆောင်းပါးကို The Mandalay News Journal ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

A d v e r t i s e m e n t With Us

More News
Up