Home
မြန်မာသတင်း
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး မြန်မာနိုင်ငံ သွားမည်
ပီတာအောင်
·
April 25, 2013
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ   မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီမိုကရေစီရေး အားပေးဖို့ လာမယ့်  မေလနှောင်းပိုင်းမှာ  မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ဂျပန်သတင်းဌာနတွေမှာ ရေးသားဖော်ပြကြပါတယ်။ မေ ၂၅ နဲ့ ၂၆ ရက်တွေမှာ သွားရောက်မှာဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဆက်လက်ဖွံဖြိုးတိုးတက်စေဖို့၊ အိုဒီအေလို့ ခေါ်တဲ့  ပြည်ပ အထောက်အပံ့တွေပေးရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အဦတွေ တိုးတက်ရေးမှာ  ဂျပန်အစိုးရအနေနဲ့ အကူအညီပေးဖို့ ရည်ရွယ်ချက်တွေရှိကြောင်း အသိပေးဖွယ်ရှိတယ်လို့ ဂျပန်တိုင်းမ်သတင်းစာမှာ ရေးပါတယ်။ [caption id="attachment_38814" align="alignright" width="223" caption="ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး"][/caption] ဒါ့ပြင် မြန်မာလူနည်းစုတိုင်းရင်းသားတွေအတွက် စာသင်ကျောင်းတွေ ဆောက်လုပ်ပေးတာ၊  စိုက်ပျိုးရေးနည်းပညာတွေ ပံ့ပိုးပေးတာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရရင် တခြားအကူအညီနဲ့ အထောက်အပံ့တွေ တိုးမြှင့်ပေးမယ့် အစီအစဉ်တွေလည်း ကြေညာဖွယ်ရှိတယ်လို့ ဆိုပါတယ်။ မြန်မာ့အရေးကျွမ်းကျင်တဲ့  ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာ မစ္စတာ တာနာဘဲ ခေါ် ဦးရွှေဘက     “၀န်ကြီးချုပ်အာဘေး မြန်မာပြည်ကိုသွားမယ်ဆိုရင်တော့ ဆက်ပြီးတော့ ဂျပန်က အိုဒီအေပေးမယ်၊ အခြေခံအဆောက်အဦတွေ ဂျပန်ကအကူအညီတွေပေးမယ်။ အပြန်အလှန်သဘောမဟုတ်ပေမယ့် ဒီလိုလုပ်ခြင်းအားဖြင့် ဂျပန်စီးပွားရေုးလုပ်ငန်းတွေ မြန်မာပြည်ကိုလာရင် ပိုအဆင်ပြေအောင် လုပ်စေချင်တဲ့စိတ် ဂျပန်ဝန်ကြီးချုပ်စိတ်ထဲ ရှိမယ်ထင်တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လာတယ်။ ဂျပန်မှာ ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဆွေးနွေးတော့လည်း မြန်မာပြည်မှာ လိုအပ်နေတာ ဒါတွေပါဆိုပြီး ပြောပြတော့ ဒါကို ဂျပန်အစိုးရအနေနဲ့ စိတ်ထဲမှာထားပြီးတော့ ဆက်ပြီးတော့ မြန်မာပြည်ကို ကူညီပေးဖို့ရှိတယ်။ ကျနော်အနေနဲ့ အဲသလိုပဲ မျှော်လင့်ပါတယ်။” ကျိုဒိုသတင်းတပုဒ်မှာတော့ ရှင်ဇိုအာဘေးရဲ့ ခရီးစဉ်ဟာ  မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ အကျိုးဖြစ်စေလိမ့်မယ်လို့ ဂျပန်အစိုးရ တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားရေးပါတယ်။ တကယ်တော့ လာမယ့် မေ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးအစည်းအဝေးပွဲ ဆိုးလ်မြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် လတ်တလော ဒီနိုင်ငံတွေအကြား  ဆန်ကကုကျွန်းပိုင်ဆိုင်မှု အငြင်းပွားမှု ပြဿနာတွေရှိနေတဲ့အတွက် ဆွေးနွေးပွဲ ပျက်သွားပြီး မြန်မာခရီးစဉ်သွားရောက်ဖို့ ဂျပန်ဝန်ကြီးချုပ်က စီစဉ်ခဲ့တာပါ။ ဂျပန်ဝန်ကြီးချုပ်ဟာ မြန်မာခရီးစဉ်အတွင်း    ပြီးခဲ့တဲ့သီတင်းပတ်က ဂျပန်နိုင်ငံကို သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း  တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဂျပန်အစိုးရကတော့ တရားဝင်ထုတ်ပြန် ကြေညာထားတာ မရှိသေးပါဘူး။ အကယ်၍ ခရီးစဉ်အထမြောက်ခဲ့ရင်တော့ ဒါဟာ ၁၉၇၇ ခုနှစ်က ဂျပန်ဝန်ကြီးချုပ် တာကီအိုဖူကူဒါ  သွားရောက်ခဲ့ပြီးနောက် ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ် တဦးအနေနဲ့  မြန်မာနိုင်ငံကို ပထမဆုံး လာရောက်မှုလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024