ဖြူဖြူကျော်သိန်း ကိုယ်တိုင်ရေး၊ ဆိုထားသည့် “ဖြူဖြူ”သီချင်း(ရုပ်သံ)
DVB
·
May 14, 2020
“ဖြူဖြူ... နင်သိတဲ့ဖြူဖြူ… ငါ မိန်းကလေးတယောက်ပဲ… သာမန်မိန်းကလေးပါ … ဖြူဖြူ... ငါမက်သမျှ အိပ်မက်… ကြယ်စုတို့ရေတွက်… တိမ်တိုက်များကြားမှာ… တွေ့ ပါရစေ… ငါလိုတဲ့အချစ်… ရိုးရှင်းစွာ ငါတွေ့ပါစေ”
ဒါကတော့ လတ်တလော ထွက်ရှိလာတဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ သီချင်း တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး ဒီသီချင်းကိုတော့ သူကိုယ်တိုင်ရေးပြီး ကိုယ် တိုင်ပဲ သီဆိုထားခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းဟာ ဆရာဝန်တ ယောက်လည်းဖြစ်ပြီး ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “လုံးဝမသက်ဆိုင်တော့ပါ” တကိုယ် တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သူမတူတဲ့ အမိုက်စား သရုပ်ဖော်တင်ဆက်မှုတွေဟာ ပရိ သတ်တွေကြား ထင်ရှားလာခဲ့ပြီး ဆယ်စုနှစ်ချီ အောင်မြင်ခဲ့သူ အဆိုတော်တယောက် ဖြစ် လာခဲ့တာပါ။
သူသီဆိုထားတဲ့ လမ်းခွဲ၊ ချယ်ရီလမ်း၊ အရှုံးထက်ပိုသော၊ လှည့်စားလိုက်စတဲ့ သီ ချင်းတွေဟာ ထင်ရှားသလို တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုမှုတွေဖြစ်တဲ့ အတွင်း ကြေ၊ ငါဘုရင်မစတဲ့ သီချင်းတွေနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့သူပါ။
လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်အ နေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
“ဖြူဖြူ... နင်သိတဲ့ဖြူဖြူ… ငါ မိန်းကလေးတယောက်ပဲ… သာမန်မိန်းကလေးပါ … ဖြူဖြူ...ငါ့အပြုံးနဲ့ဒဏ်ရာ… ဒါ ငါ့ရဲ့ဘဝပဲ… သာမန်မိန်းကလေးလို… တွေ့ပါရစေ ...ငါလိုတဲ့အချစ်… ရိုးရှင်းစွာ ငါတွေ့ပါစေ”
ခုသီချင်းထဲမှာတော့ သူ့အကြောင်းလို့ တင်စားပြောဆိုရမယ့် ရိုးရှင်းတဲ့ တေးသွား စာသားတွေနဲ့အတူ လိုက်ဖက်ညီတဲ့ သီဆိုဟန်ကို ခံစားနားဆင်နိုင်မှာပါ။
ဒီသီချင်းကိုတော့ Legacy Music ကနေ ဖြန့်ချိပေးထားခဲ့တာဖြစ်ပြီး တခြားသော ဂီတပလက်ဖောင်းတွေဖြစ်တဲ့ Myanmar Music Store ၊ Joox နဲ့ တေးသံရှင် ဖြူဖြူကျော် သိန်းရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာလည်း နားဆင်ကြည့်ရှုနိုင်မှာ ဖြစ်ပါ တယ်။