COVID-19 ကာကွယ်ရန် မကွေးတိုင်း ကျေးရွာများတွင် လက်ဆေးဘေစင်များ ပြုလုပ်ပေး
DVB
·
May 14, 2020
COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ဖို့အတွက် မကွေးတိုင်းအတွင်း ၁၄ မြို့နယ်ရှိ ကျေးရွာတွေမှာ အများသုံး လက်ဆေးဘေစင် ၂၄၂ ခု ပြုလုပ်ပေးထားတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။
မကွေးတိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က "UNICEF အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ မြို့နယ် ၉ မြို့နယ်က ကျေးရွာတွေမှာ အများသုံး လက်ဆေးဘေစင် ၁၈၂ ခုကို ကျပ်သိန်းပေါင်း ၂၉၀ ကျော် ကုန်ကျခံပြီး တပ်ဆင်ပေးခဲ့ တာပါ။ ဒါအပြင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ မြို့နယ် ၅ မြို့နယ်က ကျေးရွာတွေမှာ အများသုံးလက်ဆေးဘေစင် ၆၀ ကို ကျပ်သိန်း ၇၀ ကျော် အကုန်ကျခံပြု လုပ်ပေးထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်အောင် မကြာခဏ လက်ဆေးဖို့ လမ်းညွှန်ထားပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
COVID-19 ရောဂါကာကွယ်ရေးမှာ ပြည်သူတွေအတွက် အထောက်အကူဖြစ်စေဖို့ ကျေးလက်ဒေသတွေမှာ အများသုံးလက်ဆေးဘေစင်တွေ တည်ဆောက်ပေးနေတာလည်း ဖြစ်ပါတယ်။
သတင်း-မင်းထီး