မြန်မာ့အထည်ချုပ်လုပ်ငန်းအများစု အော်ဒါအသစ်ရရှိမှု ရပ်ဆိုင်း
DVB
·
May 14, 2020
ကမ္ဘာ့နိုင်ငံတွေရဲ့ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေတွေအရ ဥရောပဈေးကွက်ကို အများစုမှီတည်ပြီး လုပ်ကိုင်နေရတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းတွေအတွက် အော်ဒါအသစ်ရရှိမှု ရပ်ဆိုင်းသလောက်ဖြစ်လာတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဗဟိုအလုပ်အမှူဆောင် ဦးထွန်းထွန်းဦးက ပြောပါတယ်။
လက်ရှိမှာ မြန်မာပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းအများစုက အရင်ရရှိပြီးတဲ့ အလုပ်အော်ဒါတွေကိုသာ ထိန်းပြီးလုပ်ငန်းလည်ပတ်နေရတဲ့အနေအထား ဖြစ်သလို လာမယ့် စက်တင်ဘာလအထိတော့ လက်ရှိအခြေအနေကို ထိန်းထားနိုင်ဖို့ ခန့်မှန်းထားပါတယ်။
အဲဒီလို အရင်ရှိပြီး အော်ဒါကို ထိန်းချုပ်လည်ပတ်နေတဲ့ စက်ရုံတွေရှိသလို အမှာအော်ဒါမရရှိတာကြောင့် လုပ်ငန်းပိတ်သိမ်းရတာတွေ၊ အလုပ်သမားအင်အား လျှော့ချနေရတဲ့ စက်ရုံအများစုလည်း ရှိနေပါတယ်။
COVID-19 ကာလ စက်ရုံအပြီးပိတ်သိမ်းတာ၊ အလုပ်သမားအင်အား လျှော့ချတာတွေဟာဆိုရင် ရန်ကုန်တိုင်းဒေသကြီးမှာပဲ စက်ရုံ အလုပ်ရုံ ၁၃၀ လောက်ဖြစ်လာပြီလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။
အထည်ချုပ်လုပ်ငန်းရှင်တွေအနေနဲ့လည်း COVID-19 ရောဂါ ဖြစ်ပွားမှု ကာလကို အမြန်ဆုံးပြီးမြောက်ဖို့ မျှော်လင့်နေသလို လုပ်ငန်းလည်ပတ်မှုနဲ့ အလုပ်အကိုင်ပေးနိုင်ဖို့ အတွက် အော်ဒါ အသစ်တွေရရှိလာဖို့လည်း မျှော်လင့်နေကြပါတယ်။
ဇာခြည်