မူဆယ်မြို့က သော့အမြဲပိတ်ထားတဲ့ ဘောလုံးကွင်း
DVB
·
April 25, 2013
မူဆယ်မြို့က သော့အမြဲပိတ်ထားတဲ့ ဘောလုံးကွင်းအကြောင်းလေးကို တာဝန်ရှိသူတွေ သိစေဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ပါတယ်။
ဘောလုံးကစားလေ့ကျင့် လူငယ်တွေအတွက် နိုင်ငံတော်က ဆောက်လုပ်ပေးထားတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုဖြစ်နေတာက ဘောလုံးကွင်းထဲမှာနေတဲ့ အား/ကာ ဝန်ထမ်း တွေတောင်မှ ဝင်ချင် ထွက်ချင်ရင် သော့ကို သွားတောင်းနေရတဲ့အဖြစ် ရောက်နေပါတယ်။
ဘောလုံး လေ့ကျင့်ဖို့ဆိုတာတော့ ဝေးရောပေါ့။ ဘောလုံး လာကန်မယ်၊ လေ့ကျင့်မယ် ဆိုရင်လည်း ကွင်းကြေး ၁ နာရီကို ၁ သောင်း၊ ၂ သောင်း ပေးရပါတယ်။ နိုင်ငံတော်က ချမှတ် ထားတဲ့ စည်းကမ်းတွေ၊ ဈေးနှုန်းတွေလား ဆိုတာတော့  မသိပါဘူး။ အပြင်ကကြည့်ရင်တောင် တော်တော် အကျည်းတန်တဲ့ မြင်ကွင်းပါ။
ဘာလို့လဲဆိုတော့ ရှိသမျှ တံခါးတွေက အားလုံး သော့ပိတ်ထားတော့ ဘောလုံးကွင်းနဲ့တောင် မတူပါဘူး။ နိုင်ငံတော် အကြီးကဲများတွေ သိစေဖို့နဲ့ မူဆယ်မြို့က ဘောလုံး အားကစားဝါသနာရှင် လူငယ်တွေနဲ့ ဘောလုံးကွင်းအတွင်းနေ ဝန်ထမ်းတွေ ဝင်ထွက်သွားလာရေး အဆင်ပြေဖို့အတွက် မျှော်လင့်လျက် တင်ပြလိုက်ပါတယ်။
ကျနော်ကတော့ ဘောလုံးလဲ ဝါသနာမပါ။ ဘောလုံးကွင်းထဲနေတဲ့ ဝန်ထမ်းလည်း မဟုတ်ပါဘူး။ ကျနော့် မိတ်ဆွေ အပေါင်းအသင်းတွေအတွက် တင်ပြပေးလိုက်တာပါ။
မူဆယ်ဒေသခံတဦး