Home
မြန်မာသတင်း
ပုသိမ် quarantine စင်တာများ၌ စေတနာ့ဝန်ထမ်းနှင့် ကျန်းမာရေးပစ္စည်းများ လိုအပ်
DVB
·
May 13, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ ပြည်ပကပြန်လာတဲ့သူတွေနဲ့ ရန်ကုန်တိုင်းက Lockdown ချထားခံထားရတဲ့ မြို့နယ်တွေက ပြန်လာသူတွေကို စောင့်ကြည့်တဲ့ quarantine  စင်တာတွေမှာ စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ လိုအပ်နေပါတယ်။ ပုသိမ်ပညာရေးကောလိပ်နဲ့ ပုသိမ်တက္ကသိုလ်အတွင်းမှာ quarantine စခန်းတွေဖွင့်လှစ်ထားတာဖြစ်ပြီး အစိုးရအနေနဲ့ ထောက်ပံ့ပေးစေချင်တယ်လို့ စေတနာ့ဝန်ထမ်း ကိုပြည့်ပိုင်ဦးက ပြောပါတယ်။ “အစိုးရကနေ လာရောက်ပြီး တိုက်ရိုက်လှူဒါန်းတာတွေမရှိသေးဘူး။ လွှတ်တော်ကိုယ်စား လှယ်တွေကတော့ ဖုန်းဆက်ပြီး မေးမြန်းတာမျိုးတွေရှိတယ်။ လိုအပ်တာ လှူဒါန်းပေးတယ်။ ကျနော်တို့ စေတနာ့ဝန်ထမ်းတွေတောင် ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်လာပြီး လုပ်ပေးနေချိန်မှာ အစိုးရအနေနဲ့လည်း စေတနာ့ဝန်ထမ်းတွေအတွက် ကျန်းမာရေးအကာကွယ်ပစ္စည်းတွေကို ထောက်ပံ့ပေးစေချင်တယ်”လို့ ပြောပါတယ်။ လက်ရှိအချိန် ပုသိမ်မြို့မှာ  စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ပေးနေသူ ၄၈ ဦးရှိပြီး အရင်က ပုသိမ်တက္ကသိုလ်အတွင်းက စောင့်ကြည့်နေရာမှာသာ ပြည်ပနိုင်ငံကပြန်လာသူတွေကို ကူညီ စောင့်ကြည့်တာတွေပြုလုပ်ပေးရလို့ လူအင်အားလုံလောက်ပါတယ်။ ဒါပေမယ့် ပုသိမ်ပညာရေးကောလိပ်မှာ ပြည်ပနိုင်ငံနဲ့ ရန်ကုန်တိုင်းကလာသူတွေကိုပါ စောင့်ကြည့်နေရချိန်မှာတော့ လူအင်အားခွဲပေးရတာကြောင့် လူအင်အားလိုအပ်လာတာဖြစ်သလို ကျန်းမာရေးအကာကွယ် ပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပုသိမ်ပညာရေးကောလိပ်မှာ မေလ ၃ ရက်နေ့ကစတင်ပြီး တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက ပြန်လာသူ ၂၁ ဦးကို စောင့်ကြည့်ဖို့ ပုသိမ်တက္ကသိုလ်မှာ ရှိနေတဲ့ စေတနာ့ ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စောင့်ကြည့်ကူညီပေးတာတွေပြုလုပ် ဖို့ တာဝန်ရှိသူတွေက စီစဉ်ခဲ့တာပါ။ လက်ရှိအချိန်မှာ ဧရာဝတီတိုင်းအတွင်း စေတနာ့ဝန်ထမ်းအဖြစ် လက်ရှိအလုပ်လုပ်နေ သူတွေရော နောက်ထပ်ဆန္ဒပြုထားသူတွေရော ပေါင်းရင်း စာရင်းပေးသွင်းထားသူ ၉၀၀၀ လောက်ရှိတယ်လို့ ဧရာဝတီတိုင်းလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး နော်သဝါးက ဒီဗွီဘီကို  ပြောပါတယ်။ “မေလဆန်းမှာ စလုပ်ဖြစ်ပါတယ်၊ အထက်ကညွှန်ကြားတဲ့အတိုင်း စေတနာ့ဝန်ထမ်း စာရင်းတွေ မှန်ကန်မှုရှိဖို့ကို ဆောင်ရွက်ပေးရသလို စေတနာ့ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးသလို စောင့်ကြည့်တဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်းတွေ ခွဲဝေတာဝန် ပေးဖို့နဲ့ ကျန်းမာရေးပိုင်းက ဘယ်လိုတွေ လိုအပ်မလဲဆိုတာ ဌာနအနေနဲ့ ပေါင်းစပ်ပေး ဖို့အတွက် စာရင်းတွေပြုလုပ်နေပြီ”  လတ်တလော စေတနာ့ဝန်ထမ်းစာရင်းကောက်ခံရရှိမှုကို ပြန်လည်တင်ပြထားပြီး လူမှုရေး အသင်းအဖွဲ့တွေက လာလှူဒါန်းတဲ့ Hand Gel နဲ့Mask တွေကို စောင့်ကြည့်တဲ့ စင်တာတွေမှာ တိုက်ရိုက်သွားပြီး ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ကူညီဆောင်ရွက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို နိုင်ငံတော်က အသိအမှတ်ပြု တံဆိပ်နဲ့ လက်မှတ်တွေ ချီးမြှင့်ပေးသွားမှာဖြစ်ပြီး စေတနာ့ဝန်ထမ်းတွေကိုလည်း ၂၁ ရက် လုပ်အားပေးပြီးရင် နားနားနေနေ ၇ ရက်နားစေဖို့ ညွှန်ကြားထားပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024