DVB Logo
Home
ဆောင်းပါး
ပီအာရ်စနစ်ကို ဘယ်သူတွေက ဘာကြောင့် ကျင့်သုံးချင်ကြတာလဲ
DVB
·
April 25, 2013
ပီအာရ်စနစ်ကို ဘယ်သူတွေက ဘာကြောင့် ကျင့်သုံးချင်ကြတာလဲ
Donate to DVB

ပြီးခဲ့တဲ့ သင်္ကြန်ကာလ မတိုင်ခင် ဧပြီ ၈ ရက်နေ့က မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၅၃ ခုက ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် အဓိက ငြင်းခုံဆွေးနွေးခဲ့ကြတဲ့ အချက်ကတော့ Proportional Representation လို့ ခေါ်တဲ့ PR  စနစ် အကြောင်းပဲ ဖြစ်ပါတယ်။

ပီအာရ် စနစ်ဆိုတာဟာ ပြည်သူတွေဟာ အမတ်လောင်းကို တိုက်ရိုက် မဲပေးတာမျိုး မဟုတ်ဘဲ နိုင်ငံရေးပါတီ တခုခုကို မဲပေးပြီး အဲဒီ ရလာတဲ့ မဲအရေအတွက်အပေါ် မူတည်ကာ ပါတီတွေကနေ အမတ်အရေအတွက် အချိုးအစားလိုက် လွှတ်တော်မှာ ပါဝင်ခွင့်ရတာမျိုးလို့ အကျဉ်းပြောရင် ရနိုင်ပါတယ်။

ဒီ ပီအာရ်စနစ်နဲ့ ပတ်သက်ပြီး အင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူသလို တိုင်းရင်းသားပါတီ အတော်များများကလည်း သဘောမတူပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကို ကျင့်သုံးသင့်၊ မသင့် လွှတ်တော်မှာ အဆိုတင်၊ အဆုံးအဖြတ် ရယူမယ်လို့ ပြောနေပါပြီ။ ပီအာရ်စနစ်ကို ဘယ်သူတွေက ထောက်ခံနေကြပါသလဲ၊ ဘာကြောင့် ပီအာရ် စနစ် ကျင့်သုံးစေချင်ကြတာလဲ၊ ပီအာရ်စနစ် ကျင့်သုံးပြီး ရွေးကောက်ပွဲ လုပ်ရင် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပီအာရ် စနစ်အကြောင်း အကျယ်တ၀င့် မရှင်းပြတော့ပါဘူး။ ပီအာရ် စနစ် ကျင်းပဖို့ အသံတွေ ဖြစ်ပေါ်လာပုံကိုပဲ စပြီး ဆွေးနွေးသွားပါမယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်ခဲ့ပါဘူး။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်တဲ့အခါ ၀င်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၀ ကျော်မှာ ရှမ်းပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် ၃ မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမတ်လောင်းကို ပွတ်ကာသီကာ ရှူံးသွားတာကလွဲရင် ကျန်ဝင်ပြိုင်တဲ့ နေရာအားလုံး အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒီ ရလဒ်ကို ကြည့်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ကျရင် တို့ပါတီတွေ အပြတ်အသတ် ရှုံးပြီး လွှတ်တော်ထဲ တယောက်မှ မရောက်ရင် ဘယ့်နှယ်လုပ်ကြမလဲ ဆိုတဲ့ အတွေးမျိုး ပါတီခေါင်းဆောင် တချို့ရဲ့ ခေါင်းထဲ ရောက်သွားရာကနေ ပီအာရ်စနစ် ကျင့်သုံးဖို့ လှုံ့ဆော်တာမျိုး ဖြစ်လာတာပါ။

ဒီကိစ္စ ပြောင်ပြောင်တင်းတင်း ပြောဆိုနေကြသူတွေကတော့ တစည ပါတီ၊ အန်ဒီအက်ဖ်ပါတီနဲ့ ဒီမိုကရက်ပါတီ (မြန်မာ) ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကတော့ ဘာတခုမှ ထုတ်မပြောပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စ လွှတ်တော်ထဲ တင်မယ်ဆိုတဲ့အတွက် ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားကို တိတိကျကျ သိကြရတော့မှာပါ။ တကယ်တော့ ဒီ စနစ်အကြောင်း ပြောလာသူတွေ အားလုံးဟာ တိုင်းပြည်အကျိုးစီးပွား ဆိုတာထက် သူတို့ ပါတီအကျိုးစီးပွား ကွက်ကွက်လေးကို ကြည့်ပြီး ပြောနေတာလို့ ဆိုနိုင်ပါတယ်။ ဒီ စနစ်အတိုင်း သွား၊ ရွေးကောက်ပွဲကလည်း လွတ်လပ်ပြီး တရားမျှတမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၅ မှာ အနိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အနိုင်ရပြီး တိုင်းပြည် ကောင်းလာမှာထက် သူတို့ပါတီ အမတ်တွေ ရွေးချယ်မခံရမှာကို စိုးရိမ်ပြီး ခုလို ပီအာရ် စနစ်ကို ကျယ်ကျယ်လောင်လောင် ပြောဆိုလာတာ ဖြစ်ပါတယ်။

တကယ်တော့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခု လက်ရှိ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအောက်မှာကိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီး တကြိမ်မှ မကျင်းပဖူးသေးပါဘူး။ ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာ စစ်အာဏာရှင်တွေ သူတို့ လိုတဲ့ ရလဒ် ထွက်လာအောင် လိုသလို လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲလို့တောင် ပြောနိုင်ပါတယ်။ စစ်အာဏာရှင်တွေဟာ ၂၀၁၀ မှာ သူတို့စိတ်ကြိုက် ရွေးကောက်ပွဲကော်မရှင်ဆိုတာကို ဖွဲ့ပြီး ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီတွေကို ကြီးကြပ်ခိုင်းပါတယ်။ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲဥပဒေကို တဖက်သတ် အမိန့်အာဏာသုံးပြီး ပြဋ္ဌာန်း ကျင့်သုံးပါတယ်။ အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ မ၀င်နိုင်အောင် လုပ်ပါတယ်။ ကချင်နိုင်ငံရေးသမားတွေကို လုံးဝ ပါတီထောင်ခွင့်နဲ့ ရွေးကောက်ပွဲဝင်ခွင့် မပေးပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး မဲဆန္ဒနယ်မြေတွေအနက် ထိန်ချန်ချင်တာ ထိန်ချန်ထားပါတယ်။ အမတ်တွေ စာရင်းတင်မဲ့ရက် ကန့်သတ်ပြီး နိုင်ငံရေးပါတီတွေ အမတ် နည်းနည်းပဲ ရွေးကောက်ပွဲ ၀င်နိုင်အောင် လုပ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူစာရင်းကို စိတ်ထင်သလို ပြုစုပါတယ်။ လွတ်လပ်စွာ မဲပေးခွင့် မရှိအောင် မဲရုံတွေကို တည်ဆောက်ပါတယ်။ ကြိုတင်မဲဆိုပြီး မဲလိမ်ပါတယ်။ နောက်ဆုံး မဲရေတွက်ရာမှာ ဘယ်ကိုယ်စားလှယ်လောင်း၊ ဘယ်သက်သေတွေရှေ့မှာမှ မရေတွက်ဘဲ ကိုယ့်ဘာသာကိုယ် ရေတွက် ကိုယ့်ဘာသာကိုယ် ရလဒ်ကို ထုတ်ပြန်ကြေညာသည်အထိ မမှန်မကန် လုပ်ကိုင်ခဲ့ပါတယ်။

တကယ်တော့ အဲလို လုပ်တာဟာ ပြည်သူတွေက ကိုယ်ကြိုက်တဲ့ အမတ်ကိုရွေး၊ မဲအများစုရသူ အမတ်ဖြစ်တဲ့ ရိုးရှင်းတဲ့ စနစ်အောက်မှာ လုပ်ခဲ့တာပါ။ တကယ်လို့သာ ဒီထက် ပိုပြီး ရှုပ်ထွေးတဲ့ ပီအာရ်စနစ်နဲ့သာ ရွေးကောက်ပွဲ လုပ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲစနစ်ကို ပြည်သူလူထု နားမလည်ရုံသာမက လက်ရှိ ပြည်ထောင်စုအဆင့်နဲ့ အောက်ခြေအထိ အဆင့်ဆင့်မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်အရာဟောင်းရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ မသမာမှုတွေ ပိုပြီး လုပ်လာနိုင်ပါတယ်။

ဒီအတွက် လာမယ့် ရွေးကောက်ပွဲမှာ ပီအာရ်စနစ်ကို ကျင့်သုံးဖို့ မသင့်သေးသလို ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ တွေကိုလည်း အများကြီး ပြင်ဆင်ဖို့ လိုနေသေးကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013