DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်းကြေးနီစီမံကိန်းတွင် ရဲနှင့်လယ်သမား ပဋိပက္ခဖြစ်ပွား
DVB
·
April 25, 2013
လက်ပန်းတောင်းကြေးနီစီမံကိန်းတွင် ရဲနှင့်လယ်သမား ပဋိပက္ခဖြစ်ပွား
Donate to DVB

လက်ပန်းတောင်းတောင်ဒေသက ကြေးနီစီမံကိန်းအတွက် လယ်မြေလျော်ကြေးပေးတာ ကို လက်မခံမရယူဘဲ လယ်ထွန်မင်္ဂလာဆင်နွှဲတဲ့လယ်သမားတွေကို ရဲက နှိမ်နင်းခဲ့ရာမှာ ၁ ဦး သေနတ်ထိမှန်ပြီး အနည်းဆုံး ၃ ဦး ဖမ်းဆီးခံရပါတယ်။

လက်ပန်းတောင်းတောင်အနီးက ၀မ်ပေါင်ကုမ္ပဏီနဲ့ လုံခြုံရေးကင်းစောင့်ဖို့အတွက် ဆောက်လုပ်ထားတဲ့ အဆောက်အအုံကြားထဲက လယ်ယာမြေတွေပေါ်မှာ ထွန်ယက်နေတဲ့ ရွာသားတွေကို ရဲတွေက ရိုက်နှက်နှိမ်နှင်းခဲ့ပါတယ်။

[caption id="attachment_38790" align="alignleft" width="300" caption="(Photo_ KO Han Win Aung)"][/caption]

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဆည်တည်ရွာက မရီရီဝင်းပိုင် မြေကွက်နဲ့ မိုးကြိုးပြင် အလယ်ရွာနေ ကိုဝင်းကျော်ပိုင် မြေကွက်တွေမှာ ထွန်ယက်ဖို့ ရွာသား ၁၀၀ လောက်က ၀င်ရောက်ရာမှာ ရဲတွေက တားမြစ်ပြီး မနက် ၉ နာရီ လောက်မှာ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့ဟာ သူတို့ရဲ့လယ်ထွန်မင်္ဂလာပွဲ ၃ ရက်မြောက်နေ့ဖြစ်ပြီး အဲဒီလယ်မြေကွက်ကို ရဲအင်အား ၄၀၀ ကျော်၊ မီးသတ်ကား ၁ စီးတို့နဲ့ တားမြစ်ခဲ့တာလို့ ဒေသခံတဦးက ဆိုပါတယ်။

ကနဦးပိုင်း စကားအချေအတင်ဖြစ်ပြီး ရဲက ရွာသား ၃ ဦးနဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုး၊ သတင်းရယူနေတဲ့ ကိုသူ အပါအ၀င် ၅ ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့တယ်လို့  အဲဒီ နေရာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် ဒေါ်တင်မာဆွေက ပြောပါတယ်။

ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးဖို့ ရွာသားတွေက တောင်းဆိုခဲ့တာကို ရဲက မလိုက်လျောတဲ့အတွက် နှစ်ဘက်  ပဋိပက္ခစတင်ခဲ့ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ရဲတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒဏ်ရာရတဲ့ ရွာသားတွေလည်း ရှိသလို  တခြား ဖမ်းဆီးထားတဲ့သူတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒီလယ်ယာမြေထွက်ယက်တဲ့နေရာဟာ  အစိုးရဘက်ကလည်း စီမံကိန်းနယ်မြေ သတ်မှတ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာဖြစ်သလို လယ်ထွန်သူတွေဘက်ကလည်း ဒီမြေဟာ သူတို့ဘ၀ရပ်တည်ရေးအတွက် လယ်မြေတွေ ဖြစ်လို့ ကိုယ့်လယ်မြေပေါ် ကိုယ်စိုက်တာလို့ ဖြေဆိုကြပါတယ်။

“ပထမရက်တွေတုန်းကတော့ သူတို့က လာတားတာပေါ့ဗျာ။ ကျနော်တို့က ဒီမြေဟာ ကိုယ့်နေရာကို ကိုယ်ထွန်တာ ရောင်းမှာလည်း မဟုတ်ဘူး။ လျော်ကြေးလည်း ယူမှာမဟုတ်တဲ့အတွက် ကိုယ်မြေယာ ကိုယ်ထွန်မှာလို့ပြောတဲ့အတွက် အဲဒီနေ့က ဘာမှ မပြောတော့ဘူး။ ဒီနေ့ကျတော့မှ အဓိကရုဏ်းလုပ်တာပေါ့ဗျာ။”

“ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်ဆိုတာလည်း တနယ်လုံးပါပဲ။ ဒါပေမယ့် ကျနော်တို့က တော့ ပုဒ်မ ၁၄၄ ပဲဖြစ်ဖြစ် ကိုယ်မြေယာကိုပဲ စိုက်ပျိုးချင်တာပါပဲ။ ကိုယ့်မြေယာကို စုံမက်တဲ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လယ်ထွန်မင်္ဂလာပွဲ ဆင်နွှဲနေတဲ့ ရွာအရေအတွက်အားဖြင့် ၁၀ ရွာလောက်ရှိတယ်လို့ ဆိုပါတယ်။

ဝင်ရောက်ထွန်ယက်တဲ့လယ်ယာမြေတွေဟာ လွန်ခဲ့တဲ့လပိုင်းက လျော်ကြေး ပေးစဉ်တုန်းက မယူကြတဲ့ လယ်ယာမြေတွေ ဖြစ်သလို ၃ နှစ်စာ သီးနှံလျော်ကြေး နှစ်ပြည့်သွားတဲ့ လယ်ယာမြေတွေပေါ်မှာ ထွန်ယက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုပစ်ခတ်နှိမ်နင်းတာနဲ့ ပတ်သက်ပြီးတော့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်က ကိုဟန်ဝင်းအောင်က သူအမြင်ကို အခုလို ပြောပါတယ်။

“အဓိကက ဒေသခံပြည်သူတွေကို စစ်ကုမ္ပဏီတခုဖြစ်တဲ့ ဦးပိုင်က လုပ်ချင်တာလုပ်ခွင့်ရှိတယ်ဆိုတဲ့ဟာကို သူတို့ ဖော်ထုတ်လိုက်တဲ့ပွဲပဲ။ မီးလောင်ဗုံးတွေနဲ့ အရင်ပစ်ခဲ့ဖူးတယ်။ အခုလည်း သေနတ်နဲ့ ထပ်ပစ်တယ်။ အဲလိုပစ်တဲ့အခါမှာ ဒေသခံပြည်သူတွေဘက်ကနေပြီးတော့ မားမားမတ်မတ် ရပ်တည်ပေးပြီး အမှန်အတိုင်း တကယ့်ကို လုပ်ပေးတဲ့သူတွေ အားနည်းတဲ့အပေါ်မှာ ဦးပိုင်က အခွင့်ကောင်းယူပြီး လုပ်တယ်လို့ပဲ ကျနော်သတ်မှတ်တယ်။”

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လွန်ခဲ့တဲ့လပိုင်းက အစီရင်ခံစာမှာ ဒီစီမံကိန်းကို အများပြည်သူအကျိုးရှိအောာင် ပြန်လည်စာချုပ်ချုပ်ဆိုပြီး ဆက်လက်လုပ်ဆောင်ဖို့နဲ့ နစ်နာသူတွေကို ထိုက်သင့်တဲ့ လျော်ကြေးပေးဖို့ အကြံပြု တင်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013