ပရီးမီးယားလိဂ်က နာမည်ကြီး ကစားသမားအချို့ လေ့ကျင့်ခန်းပြန်ဆင်းရန် ကြောက်ရွံ့နေ 

ဓာတ်ပုံ - ဒေးလီးမေးလ်
ပရီးမီးယားလိဂ်က နာမည်ကြီး ကစားသမားတချို့ဟာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ စတင်ပြုလုပ်လိုခြင်းမရှိကြောင်း အသိပေးပြောကြားတာတွေ ရှိနေပါတယ်။  ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို မေ ၁၈ ရက်မှာ စတင်ဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။ ကစားသမားတချို့ကတော့ အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှု မတည်ငြိမ်သေးသလို ကာကွယ်ဆေးလည်း မရှိသေးတာကြောင့် လေ့ကျင့်ခန်းပြန်လည်စတင်ဖို့ ကြောက်လန့်နေကြတာ ဖြစ်ပါတယ်။ မန်စီးတီး တိုက်စစ်မှူး အဂွဲရိုး၊ ဝက်စ်ဟမ်း ကွင်းလယ်လူ လန်ဇီနီ၊ နယူးကာဆယ် နောက်ခံလူ ဒယ်နီရို့စ်တို့ကတော့ ပြိုင်ပွဲပြန်လည်စတင်မယ့်အပေါ်မှာ ကန့်ကွက်မှုတွေ လူသိရှင်ကြား ပြုလုပ်ထားပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဟာ နောက်ထပ် နှစ်ရက်အတွင်းမှာလည်း ကစားသမားတွေကို Video Call နဲ့ ခေါ်ဆိုပြီး မေ ၁၈ ရက်မှာ လေ့ကျင့်ခန်းပြန်လည်စတင်ဖို့ အကြောင်းကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။  ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ ပရီးမီးယားလိဂ် ပြန်လည်စတင်ဖို့ ခွင့်ပြုချက်ပေးထားပေမယ့် ကစားသမားတချို့ကတော့ နိုင်ငံရေးအရ အသုံးချခြင်းအဖြစ် မြင်နေကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up