ဒီမိုကရေစီ၏ အန္တရာယ်

ဒီမိုကရေစီဆိုတာ လူ့သမိုင်းတလျှောက် စမ်းသပ်ခဲ့သမျှ အုပ်ချုပ်မှုပုံစံတွေအားလုံးကို ခြွင်းချက်ထားလိုက်ရင် အညံ့ဆုံး အုပ်ချုပ်မှုစနစ်ပဲလို့ ဝင်စတန်ချာချီရဲ့ စကားက ထင်ရှားပါတယ်။ ဒီလို ဆိုတဲ့အတွက် ဒီမိုကရေစီဟာ ကောင်းသားပဲလို့ ဆိုလိုတာ မဟုတ်ပါဘူး။ မဲဆန္ဒရှင်တွေလည်း ဒါကို သိကြလွန်းလို့၊ မကျေမနပ်လည်း ဖြစ်နေကြပါတယ်။ နောက်ဆုံး ထုတ်ပြန်ထားတဲ့ Pew လူထုသဘောထား စစ်တမ်းအရ ၂၇ နိုင်ငံမှာ စစ်တမ်းကို ဖြေဆိုသူ ပြည်သူရဲ့ ၅၁ ရာခိုင်နှုန်းဟာ ဒီမိုကရေစီအပေါ် စိတ်တိုင်းမကျကြပါဘူး။ ၄၅ ရာခိုင်နှုန်းကပဲ စိတ်တိုင်းကျတယ်လို့ ဖြေကြပါတယ်။ ၅၁ ရာခိုင်နှုန်းက သိပ်မများသေးဘူး ထင်နေရင် နိုင်ငံအလိုက် ရာခိုင်နှုန်းကို ကြည့်ရအောင်။  ဗြိတိန် ၅၅ ရာခိုင်နှုန်း၊ ဂျပန် ၅၆ ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စု ၅၈ ရာခိုင်နှုန်း၊ နိုက်ဂျီးရီးယား ၆၀ ရာခိုင်နှုန်း၊ အာဂျင်တီးနား ၆၃ ရာခိုင်နှုန်း၊ တောင်အာဖရိက ၆၄ ရာခိုင်နှုန်း၊ အီတလီ ၇၀ ရာခိုင်နှုန်း၊ စပိန် ၈၁ ရာခိုင်နှုန်း၊ ဘရာဇီး ၈၃ ရာခိုင်နှုန်း၊ မက္ကဆီကို ၈၅ ရာခိုင်နှုန်း အသီးသီး ဖြစ်ပါတယ်။ ဒီလို မကျေမနပ် ဖြစ်နေတာက လူတန်းစားအလွှာတခုအတွက် ဆိုလိုတာ မဟုတ်ပါဘူး။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့ အားလုံးဟာ ဒီမိုကရေစီစနစ်ရဲ့ အရည်အသွေးအပေါ် မကျေနပ်ကြတာပါ။ ဒါလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ လူတွေ လေးနှစ် တကြိမ်လောက် ကိုယ် သိပ်မသိတဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးတယ်။ (ကိုယ်တိုင်ကိုယ်ကျ မဲရုံသွားပြီး၊ စက္ကူပေါ် ခဲတံနဲ့ ခြစ်တယ်)။ ဒီလို ဒီမိုကရေစီလုပ်ငန်းစဉ်မှာ ပါဝင်ပုံဖော်ကြတဲ့ နိုင်ငံရေးပါတီတွေကိုယ်တိုင်က ဒီမိုကရေစီကို အပြည့်အဝ ကျင့်သုံးကြတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် လွှတ်တော် ကိုယ်စားလှယ်တွေလို့ ခေါ်တဲ့ လူအုပ်ကြီးကို မဲဆန္ဒရှင်တွေက ရွေးကောက်တင်မြှောက်လိုက်ကြပါတယ်။  သူတို့တွေ ခမ်းနားတဲ့ လွှတ်တော်ထဲမှာ တွေ့ဆုံကြ၊ သူတို့ကိုယ်တိုင် အပေါ်ယံလောက်ပဲ နားလည်တဲ့ ကိစ္စရပ်တွေကို ရှည်ရှည်ဝေးဝေး ဆွေးနွေးကြပေါ့လေ။ တကယ်တော့ ဒါတွေဟာ မီးရှူးမီးပန်း လွှတ်ကြတဲ့ကိစ္စသာ ဖြစ်ပြီး အလင်းရောင်ကို မြင်ရဖို့ အဝေးကြီးပါ။ လူမှုရေးနဲ့ စီးပွားရေး ပြဿနာတွေဟာ ဒုံရင်းဒုံရင်းသာ ဖြစ်ကျန်ခဲ့ပြီး နောက်ထပ် ၄ နှစ်၊ ၅ နှစ်ကြာတဲ့အခါ နောက်ရွေးကောက်ပွဲတခုမှာ မဲပေးရပြန်ပါတယ်။ ဒီမိုကရေစီဆိုတာ အမေရိကန် တော်လှန်ရေး၊ ပြင်သစ်တော်လှန်ရေးတို့ ပြီးတဲ့နောက်ပိုင်း အနောက်နိုင်ငံတွေမှာ အမြစ်တွယ်ခဲ့ပြီး တီထွင်ဆန်းသစ်မှုတွေဟာ မရှိသလောက် နည်းပါးခဲ့ပါတယ်။ ရှေးဟောင်း အေသင်တွေ ကျင့်သုံးခဲ့တဲ့ ပြည်သူတွေ တိုက်ရိုက် ပါဝင်ဆွေးနွေးတဲ့ ပုံစံမျိုးလားလို့ မေးရင် မဟုတ်ပါဘူး။ ဒါဖြင့်ရင် အင်မတန် ရှုပ်ထွေးနက်နဲပြီး ကျွမ်းကျင်မှုတွေနဲ့ဆိုင်တဲ့ ကိစ္စတွေအတွက် ပညာရှင်တွေဆီက အကြံဉာဏ်တွေကို စနစ်တကျ ယူသလား ဆိုတော့လည်း ကြုံတောင့်ကြုံခဲကိစ္စပါ။ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်ဖို့ နည်းပညာအကူအညီကို ယူသလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။  ဒီနေ့ခေတ် လူငယ်တွေဆိုတာ လက်တွေ့ချက်ချင်း ရလဒ်တွေကို မြင်ရမှ ကျေနပ်ကြတဲ့ ဒီဂျစ်တယ်ခေတ် မျိုးဆက်ဖြစ်တာကြောင့် ကိုယ်စားပြု ဒီမိုကရေစီဆိုတာကို သူတို့ မျက်စိမှိတ် မယုံကြတော့ပါဘူး။ စိတ်ကူးထဲက ဒီမိုကရေစီကျင့်စဉ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဆိုတာကလည်း စာရင်းရှည်ကြီး ရှိပါတယ်။ မဖြစ်မနေ လိုအပ်တဲ့ အပြောင်းအလဲတွေ (ဥပမာ- ငွေနဲ့ မျှားပြီး မဲဆွယ်တာမျိုး) ကတော့ ပြောင်းဖို့ လိုနေတာ လူတိုင်း သိပါတယ်။ တချို့ကိစ္စတွေကတော့ စွန့်စားခန်း ဆန်ပါတယ်။ ဥပမာ- ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲရေး၊ တွဲရေး ကိစ္စမျိုးဟာ ရှုပ်ထွေးတဲ့အတွက် လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲ၊ ကန့်ကွက်မဲပေးရုံလောက်နဲ့ မပြီးလိုက်သင့်ပါဘူး။ ဒါပေမဲ့ ဒေသန္တရအဆင့်မှာ ပိုပြီးတိုက်ရိုက်ကျတဲ့ ဒီမိုကရေစီစနစ်မျိုးကို ကျင့်သုံးလို့ မရနိုင်ဘူးလား။ ကိုယ့်မြို့လေးမှာ ပန်းခြံ တည်ဆောက်မလား။ အဝေးလမ်း ဖောက်မလား ဆိုတဲ့ ကိစ္စမျိုးတွေကို နယ်ခံ မဲဆန္ဒရှင်တွေ သင့်၊ မသင့် ဆုံးဖြတ်နိုင်ကြပါတယ်။ အချက်အလက်တွေ မပြည့်မစုံနဲ့ လူတွေကို လေးနှစ် တကြိမ် မဲပေးခိုင်းနေမယ့်အစား၊ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ခပ်စိပ်စိပ် မဲပေးတဲ့ စနစ်မျိုးကို ပြောင်းလဲချင်တယ်ဆိုရင် နည်းပညာက ရှိနေပါပြီ၊ လူတွေ မဲပေးဖို့ စိတ်မဝင်စားတာ၊ မဲမပေးဘဲ နေကြတဲ့ကိစ္စကို ဖြေရှင်းဖို့ မဲကို အလဲအလှယ်လုပ်လို့ ရတာမျိုး မဖြစ်နိုင်ဘူးလား။ မဲပြားကို ငွေနဲ့ ဝယ်တာမျိုး မဟုတ်ဘဲ တခြား မဲတခုနဲ့ လဲလှယ်တာမျိုး၊ ဥပမာ ဒီတခါ မဲမပေးချင်တဲ့လူဟာ အသည်းကြားမှာ မဲပြားကို သိမ်းဆည်းထားပြီး သူ တကယ်စိတ်ပါတဲ့အခါကျမှ တကြိမ်တည်းနဲ့ မဲနှစ်မဲကို ပေးနိုင်တဲ့ စနစ်မျိုးကို ဆိုလိုပါတယ်။ ဒီမိုကရေစီရဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ အရေးကြီးသလိုပဲ ရွေးချယ်ခံရတဲ့ နိုင်ငံရေးသမားတွေကလည်း တန်းတူအရေးကြီးပါတယ်။ သူတို့အပေါ်လည်း လူတွေ သိပ်မကြည်ဖြူကြပါဘူး။ အစမှာ ဖော်ပြခဲ့တဲ့ စစ်တမ်းမှာပဲ ဖြေဆိုသူတွေရဲ့ ၅၄ ရာခိုင်နှုန်းက သူတို့ နိုင်ငံက နိုင်ငံရေးသမားတွေဟာ အဂတိ မကင်းကြဘူးလို့ ဖြေဆိုခဲ့ကြပြီး ၃၅ ရာခိုင်နှုန်းကပဲ ရွေးကောက်ခံ ပုဂ္ဂိုလ်တွေဟာ လူထုအကျိုးကို ဆောင်ရွက်ပေးကြတယ်လို့ ဖြေကြပါတယ်။ တချို့ နိုင်ငံရေးသမားတွေကို လူတွေ မကြိုက်တော့တာဟာ သူတို့ ညံ့ဖျင်းတာ ပေါ်လွင်နေလို့ ဖြစ်ပါတယ်။ ဘရာဇီးသမ္မတ (၁၉၉၅-၂၀၀၂) ဖာနန်ဒိုကာဒိုဆိုက “၁၉၈၈ ခုနှစ် ဖွဲ့စည်းပုံ အတည်ဖြစ်ပြီးနောက်ပိုင်း ရွေးချယ်ခဲ့တဲ့ သမ္မတ ၄ ယောက်ထဲမှာ ၂ ယောက်က အယုံအကြည်မရှိ အဆိုနဲ့ ဖြုတ်ချခံရပြီး၊ တယောက်က လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ချခံခဲ့ရတယ်။ ကျန်တဲ့ တယောက်က ကျနော်ပါပဲ” လို့ ၂၀၁၈ ခုနှစ်က ပြောဖူးပါတယ်။  ဘရာဇီးမှာ လူတွေက ဖိနှိပ်အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ကို ပြန်ပြီး တသနေကြတာလည်း အံ့သြစရာ မဟုတ်ပါဘူး။ ဒီလိုလူတွေကြောင့် အမျိုးသမီး၊ လူမည်းတွေ၊ ဂေးတွေကို အထင်သေး စော်ကားတဲ့ စစ်ဗိုလ်လူထွက် လူပြိန်းကြိုက် နိုင်ငံရေးသမား ဘောဆိုနာရိုကို သမ္ပ္မတအဖြစ် ရွေးခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တမ်း ပြဿနာက ဆွမ်းဆန်ထဲ ရောနေတဲ့ ကြွက်ချေး နည်းနည်းကြောင့်ချည်းတော့ မဟုတ်ပါဘူး။ မက်ဝီဘာရဲ့ နာမည်ကြီး အက်ဆေးတပုဒ် (Politics as a Vocation) မှာ လူထုနဲ့ ကင်းကွာတဲ့ နိင်ငံရေး လူတန်းစားတရပ် ပေါ်ထွက်လာမှာကို သတိပေးခဲ့ပါတယ်။ အခု သူ ပြောတဲ့အတိုင်း ဖြစ်လာလို့ လူတွေက မနှစ်မြို့တော့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးပါတီတွေနဲ့ အဓိက ဆိုင်ပါတယ်။ ရှေးရှေးတုန်းက နိုင်ငံရေးပါတီဆိုတာ လူထုနဲ့ တသားတည်း ရှိခဲ့ကြပါတယ်။ ကွန်ဆားဗေးတစ်ပါတီတွေဟာ ဘုရားကျောင်းတွေ၊ ရပ်ရေး ရွာရေး အသင်းအပင်းတွေနဲ့ စီးပွားရေးအသင်းအဖွဲ့တွေကနေ ပေါက်ဖွားလာခဲ့ကြပါတယ်။ ဆိုရှယ်လစ်ပါတီတွေကတော့ အလုပ်သမားသမဂ္ဂတွေနဲ့ တခေတ်တခါက စက်မှုလက်မှု ပစ္စည်းမဲ့ လူတန်းစားတွေကြားက ပေါ်ပေါက်ခဲ့ကြပါတယ်။ ဒီနေ့အချိန်မှာတော့ဒီလို အင်စတီကျူးရှင်းတွေ အားနည်းသွားပြီး နိုင်ငံရေးပါတီတွေကလည်း အားမရှိတော့ပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဒီနေ့ခေတ် နိုင်ငံရေးပါတီတွေကို ရေမျောစိုက်ခင်း hydroponicတွေလို့ ခေါ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့အပေါ်မှာ မျောနေပေမယ့် အမြစ်က လူ့အဖွဲ့အစည်းထဲမှာ ရှိမနေတာကို ဆိုလိုပါတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ နိုင်ငံရေး ပါတီကြီးတွေဟာ သူဌေးကြီးတွေ၊ အကောင်းစား တက္ကသိုလ်ဆင်းတွေ၊ အောင်မြင်တဲ့ စီးပွားရေးသမားတွေကို ခေါင်းဆောင် တင်ကြပါတယ်။ ငွေကြေးအရ မပူပင်ရမှ နိုင်ငံရေးကို ဇောက်ချလုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ကင်းကွာဖို့ အခွင့်အလမ်း အင်မတန် များပါတယ်။ ဒါတင်မက ပြည်သူကို အထင်သေး၊ စိတ်ကြီးဝင်နေတဲ့ ဒီလို နိုင်ငံရေး အလွှာဟာလည်း ပြဿနာပါပဲ။ ဥပမာ- ဟီလာရီကလင်တန်က ထရမ့်ကို မဲပေးခဲ့သူတွေကို စိတ်ပျက်စရာ လူစု “basket of deplorables” လို့ သုံးခဲ့ပါတယ်။ ပြည်သူတွေဟာ သူတို့နဲ့ တသားတည်း ဖြစ်တဲ့ နိုင်ငံရေးသမားကို မဲပေးကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ သာမန် မဲဆန္ဒရှင်တွေကို အချိန်ပေးဖို့ထက် ဘဏ်သူဌေးကြီးတွေ၊ စီးပွားရေးသမားတွေ၊ ထိပ်တန်းအရာရှိတွေ၊ မိုးမမြင် လေမမြင် ပညာရှင် ဆိုသူတွေနဲ့ပဲ အချိန်ကုန်ကြပါတယ်။ အောင်မြင်တဲ့ နိုင်ငံရေးသမားတွေဆိုတာ မဲဆန္ဒရှင်တွေက မျှော်တော်ဇောနဲ့ မောနေရတဲ့ လူမျိုးမဟုတ်ဘဲ၊ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ အမြဲလမ်းစရှာနေတဲ့လူမျိုး ဖြစ်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင် Yascha Mounk က ဆိုဖူးပါတယ်။ ဒီစာမေးပွဲမှာ ဒီမိုကရေစီ နိုင်ငံရေးသမား အတော်များများ ကျဆုံးကြပါတယ်။ အခုနောက်ပိုင်း ရွေးကောက်ပွဲတွေမှာ သမားရိုးကျ နိုင်ငံရေးပါတီတွေကို ဆန့်ကျင် မဲပေးမှုတွေ ရှိလာပါတယ်။ ဟီလာရီကလင်တန်က စလို့ အစဉ်အလာကြီးတဲ့ နိုင်ငံရေးသမားတွေ ရွေးကောက်ပွဲတွေမှာ ရှုံးကြပါတယ်။ လူပြိန်းကြိုက် နိုင်ငံရေးသမားတွေ နေရာရလာပါတယ်။ ဆိုရှယ်မီဒီယာတွေ အားကောင်းလာတဲ့အတွက်လည်း လူပြိန်းကြိုက် နိုင်ငံရေးသမားတွေအတွက် နာမည်ကြီးဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ ပြိုင်ဘက်တယောက်ကို သိက္ခာချဖို့လည်း ဘာမှ မခက်ပါဘူး။ အကောင်းစားကားကြီးရဲ့ နောက်ခန်းမှာ မြိန့်မြိန့်ကြီး ထိုင်စီးနေတဲ့ ဓာတ်ပုံ၊ လေယာဉ် ပထမတန်းထိုင်ခုံမှာ အခန့်သားထိုင်နေတဲ့ ဓာတ်ပုံကို တင်လိုက်ရုံပါပဲ။ ဆိုရှယ်မီဒီယာမှာ လူထောင်ချီ ပြန်ဖြန့်ကြပြီး၊ မှတ်ချက်ရေးသူတွေကလည်း ပလူပျံအောင် ရေးကြပါလိမ့်မယ်။ ညှာညှာတာတာ မှတ်ချက်တော့ တခုမှ ရမှာ မဟုတ်ပါဘူး။ ပြောချင်တာက ရှင်းပါတယ်။ မဲဆန္ဒရှင်တွေက ဒီမိုကရေစီအပေါ် စိတ်တိုင်းမကျ ဖြစ်နေတာဟာ အာဏာရှင်နဲ့ ဖွားဖက်တော် ပေါ်ပြူလစ်နိုင်ငံရေးသမားတွေကို မွေးဖွားဖို့ ရေခံ မြေခံတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ အားလုံး သိထားရမှာက လူသန် လောင်းလျာ၊ အာဏာရှင် လောင်းလျာတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်စားသူတွေ မဟုတ်ပါဘူး။ လစ်ဘရယ် ဒီမိုကရက်တွေကသာ ဒီလို အပြောင်းအလဲကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့် ဒီမိုကရေစီ အပြောင်းအလဲကို ရှေ့ဆက်မောင်းနှင်ဖို့ဆိုရင် ဒီမိုကရေစီလိုလားသူတွေကိုပဲ ဆက်လက် ဦးဆောင်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ နေသွင်ညိဏ်း (စာရေးသူ Andrés Velasco သည် ချီလီနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဖြစ်ပြီး၊ လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်း၏ ပြည်သူရေးရာမူဝါဒရေးရာ ဌာနမှူး ဖြစ်ပါသည်။)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up