တောင်ကြီးမြို့ ယာယီစျေးများတွင် စည်းကမ်းထိန်းသိမ်း ကြီးကြပ်ကွပ်ကဲမှု အားနည်းနေ
DVB
·
May 13, 2020
COVID-19 ရောဂါထိန်းချုပ် ကာကွယ်ရေးအတွက် တောင်ကြီးမြို့မှာ ဖွင့်လှစ်တဲ့ ယာယီစျေးတွေကို စည်းကမ်းထိန်းသိမ်းကွပ်ကဲတဲ့ စည်ပင်ဝန်ထမ်းတာဝန်ရှိတွေအားနည်းတယ်လို့ ကာကွယ်ထိန်းသိမ်းကုသရေးဗဟိုကော်မတီက ညွှန်ကြားစာ ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် ယာယီစျေးတွေမှာ ရောင်းချနေတဲ့ စျေးသည်တွေကလည်း ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာက ထုတ်ပြန်တဲ့ အသိပညာပေးတွေ ညွှန်ကြားချက်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှု အားနည်းတယ်လို့ဆိုပါတယ်။
ဒါကြောင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ယာယီစျေးတွေကို စနစ်တကျ ဖြစ်အောင်ပြင်ဆင်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံစီးပွားနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
လမ်းဘေးမှာဖွင့်ထားတဲ့ ယာယီစျေးတွေကို ဖြုတ်သိမ်းပြီး တစ်ဦးနဲ့တစ်ဦး ၁၀ ပေခြားကာ ရောင်းချနိုင်တဲ့ အဝေရာမီးပုံးပျံကွင်းအတွင်းကို ပြောင်းရွှေ့မယ်လို့လည်းဆိုပါတယ်။
COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် တောင်ကြီးမြို့မှာ လူစုလူဝေးမဖြစ်စေဖို့ ရပ်ကွက်အလိုက် ယာယီစျေး ၉ ခုဖွင့်လှစ်ပေးထားပါတယ်။
ယာယီစျေးမှာ သတ်မှတ်ထားတဲ့ တစ်ဦးနဲ့တစ်ဦး သုံးပေခွာရောင်းဖို့၊ mask တပ်ပြီးရောင်းဖို့ ဝယ်ဖို့ စတာတွေကို အသိပညာတွေပေးပြီး maskတွေ အခမဲ့ဝေငှပေးခဲ့ပေမယ့် လိုက်နာမှု အားနည်းနေပါတယ်။
သတင်း- ခွန်ရာဇာ