DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန် အာဆီယံထိပ်သီး အစည်းအဝေးတက်ရန် ဘရူနိုင်းနိုင်ငံကို ထွက်ခွာ
DVB
·
April 24, 2013
သမ္မတ ဦးသိန်းစိန် အာဆီယံထိပ်သီး အစည်းအဝေးတက်ရန် ဘရူနိုင်းနိုင်ငံကို ထွက်ခွာ
1 / 2
Donate to DVB

သမ္မတဦးသိန်းစိန်ဟာ ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ ဒီနေ့ နေ့လယ်ပိုင်းက  နေပြည်တော်ကနေ  အထူးလေယာဉ်နဲ့ ထွက်ခွာသွားတယ်လို့ သမ္မတရုံးဝက်ဆိုက်မှာ ဖော်ပြပါတယ်။

မြန်မာသမ္မတနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာကံဇော် စသူတို့ လိုက်ပါသွားပါတယ်။

[caption id="attachment_38767" align="alignleft" width="300" caption="နေပြည်တော်လေဆိပ်မှထွက်ခွာ"][/caption]

သမ္မတဦးသိန်းစိန်အပါအ၀င် အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေဟာ ဘရူးနိုင်းနိုင်ငံမှာ ၂ ရက်ကြာကျင်းပမယ့် ၂၂ ကြိမ်မြောက်  အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ဒီနေ့မှာ မြို့တော် ဘန်ဒါစရီဘန်ဂါဝန်မြို့ ရောက်ရှိနေကြတာပါ။

ဒီအစည်းအဝေးမှာ ရေပိုင်နက်အငြင်းပွားနေတဲ့ တရုတ်နဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးကိစ္စနဲ့ အာဆီယံနိုင်ငံတွေအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ အဓိကထား ဆွေးနွေးဖို့ ရှိနေပါတယ်။

အာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်ဝမ် တရုတ်တို့အကြား သားငါးသယံဇာတပေါများကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နက်ကို သူပိုင်တယ်၊ ကိုယ်ပိုင်တယ် အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က အာဆီယံအသင်းကြီးအနေနဲ့ တညီတညွတ်တည်း ရပ်တည်ကြဖို့ တွန်းအားပေးနေပေမယ့် တရုတ်ရဲ့မဟာမိတ် ကမ္ဘောဒီးယားနိုင်ငံက အတိုက်အခံ လုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လက  ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့်မှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးပွဲမှာတော့ ဒီပြဿနာနဲ့ ပတ်သက်ပြီး ဘုံရပ်တည်ချက် သဘောထားကြေညာချက်ကို ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိဘဲ အစည်းအဝေး ရပ်ဆိုင်းခဲ့ရဖူးပါတယ်။

ဒီနှစ်တော့ ထိပ်သီး ဆွေးနွေးပွဲအပြီးမှာ ဒီပြဿနာကို တရုတ်နဲ့ ဆွေးနွေးဖို့ အာဆီယံ ခေါင်းဆောင်တွေ ညီညီညွတ်ညွတ် တောင်းဆိုဖွယ်ရှိကြောင်း၊ ဒါပေမယ့် ပြင်းထန်တဲ့စကားလုံးတွေ သုံးမှာမဟုတ်ဘူးလို့ အေအက်ပီသတင်းဌာနက ကြေညာချက်မူကြမ်း ရရှိထားတယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်ကိစ္စအပြင် အဖွဲ့တွင်း စီးပွားရေး၊ လူမူရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်များ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ ၂၀၁၅ မှာ အေအီးစီခေါ် အာဆီယံစီးပွားရေး အသိုက်အ၀န်း ထူထောင်ဖို့နဲ့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံတွေနဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုလုပ်ဖို့ ကိစ္စတွေလည်း ဆွေးနွေးဖို့ ရှိပါတယ်။

ထိုင်းဝန်ကြီးချုပ်ကတော့  ထားဝယ်စီမံကိန်းနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုလုပ်ငန်းစဉ် တိုးတက်မှုအခြေအနေကို ဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဧပြီ ၂၄ ရက်နေ့ ထိပ်သီး ဆွေးနွေးပွဲပြင်ပမှာ သီးခြားတွေ့ဖို့ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်က ထိုင်းမီဒီယာတွေကို  ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013