DVB Logo
Home
မြန်မာသတင်း
အင်ဒိုနီးရှား-မြန်မာ သဘောတူစာချုပ်များ လက်မှတ်ထိုး
DVB
·
April 24, 2013
အင်ဒိုနီးရှား-မြန်မာ သဘောတူစာချုပ်များ လက်မှတ်ထိုး
1 / 2
Donate to DVB

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ဒေါက်တာ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနိုဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ဧပြီ ၂၃ ရက်နေ့မှာ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ သဘောတူစာချုပ်နဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးကြပါတယ်။

ဧပြီ ၂၃ ရက်နေ့ ညနေပိုင်းက နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နေပြည်တော်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးကြပြီးနောက် သူတို့ရှေ့မှောက်မှာ သက်ဆိုင်ရာဝန်ကြီးတွေက အသီးသီး လက်မှတ်ရေးထိုးကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နဲ့ အင်ဒိုနီးရှားကုန်သွယ်ရေး ဝန်ကြီးတို့က နှစ်နိုင်ငံ ဝန်ကြီးဌာနတို့အကြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုဆိုင်ရာ မူဘောင် သဘောတူစာချုပ်၊ နှစ်နိုင်ငံအကြား လူ့စွမ်းရည်မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နဲ့ အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးတို့က နှစ်နိုင်ငံ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ထိုးခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးပွဲ မတိုင်ခင် သမ္မတ ၂ ဦး တွေ့ဆုံဆွေးနွေးရာမှာ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ အင်ဒိုနီးရှားကုမ္ပဏီတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်လိုက်သလို ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေးကဏ္ဍ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေး၊ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်လိုတယ်လို့ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နည်းပညာကဏ္ဍ မြှင့်တင်နိုင်ရေးမှာ ပညာသင်ဆုတွေ ပေးအပ်ဖို့နဲ့ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားသမ္မတကလည်း ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း တုံ့ပြန်ခဲ့သလို နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏကိုလည်း လာမယ့်နှစ်မှာ  ဒေါ်လာသန်း ၁ဝဝဝ ထိ ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အင်ဒိုနီးရှား ကုမ္ပဏီ ၁၂ ခုဟာ အမေရိကန်ဒေါ်လာ ၂၄၁ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ အင်ဒိုနီးရှားနဲ့ မြန်မာအကြား အပြန်အလှန်ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၄၇၂ ဒဿမ ၉၆ သန်းရှိပြီး မြန်မာက အင်ဒိုနီးရှားထံကနေ ဒေါ်လာသန်း ၄၃၁ ဒဿမ ၈၂ သန်းဖိုးထိ တင်သွင်းခဲ့ပေမယ့် ဒေါ်လာ ၄၀ ဒဿမ ၉၄ သန်းဖိုးသာ ပြန်လည်တင်ပို့နိုင်ခဲ့တယ်လို့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအင်းကိန်းဂဏန်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013