အုတ်တွင်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး အဂတိလိုက်စားမှုဖြင့် အရေးယူခံရ
DVB
·
May 12, 2020
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကို အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူလိုက်တယ်လို့ ဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီနေ့ သတင်းထုတ်ပါတယ်။
အုပ်ချုပ်ရေးမှူး ဦးအေးကိုကိုဟာ လက်စွပ်ကျကျေးရွာအုပ်စုအတွင်း အုတ်လုပ်ငန်းလုပ်ကိုင်သူတွေကို အုတ်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းမရှိစေဘဲ ငွေကြေးရယူပြီး လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ကိစ္စ အရေးယူပေးဖို့ ကော်မရှင်သို့ တိုင်ကြားခဲ့တဲ့အမှု စုံစမ်းစစ်ဆေး အရေးယူလိုက်တာပါ။
တိုင်ကြားစာအရကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးခဲ့ရာ ဦးအေးကိုကိုဟာ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူတွေထံကနေ ငွေကြေးနဲ့ အုတ်တွေကို ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ် တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ အုတ်တွင်းမြို့မရဲစခန်းမှာ မေလ ၁၁ ရက်က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ ကော်မရှင်က သိရပါတယ်။