Homeမြန်မာသတင်း
မြိုင်မြို့နယ်၌ Quarantine စင်တာ အမျိုးသမီးအခန်းထဲ ဝင်ရောက်ရန် ကြိုးပမ်းသူကို ထောင် ၆ လ ချ
မြိုင်မြို့နယ်၌ Quarantine စင်တာ အမျိုးသမီးအခန်းထဲ ဝင်ရောက်ရန် ကြိုးပမ်းသူကို ထောင် ၆ လ ချ
DVB
·
May 12, 2020
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အမက(ကံကြီး)ကျောင်း Quarantine စင်တာရှိ အမျိုးသမီး ၁ ဦးနဲ့ သူ့ရဲ့အဖော် သမီးဖြစ်သူတို့နေတဲ့အခန်းကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသားတဦးကို မြိုင်မြို့နယ် တရားရုံးက မေလ ၁၁ ရက်နေ့မှာ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၆ လချမှတ်လိုက်ပါတယ်။
ကာယကံရှင် အမျိုးသမီးက “ကျမတို့က ပုဂံကနေ မေ ၁ ရက်က ပြန်လာတာ။ ပြန်ရောက်တော့ ရွာက သတ်မှတ်ထားတဲ့အတိုင်း Quarantineကျောင်းထဲမှာ နေခဲ့တာ။ ကျန်တဲ့ရက်ကတော့ ဘာမှမဖြစ်ဘူး။ မေလ ၆ ရက် ည ၁၀ လောက်မှာ အိမ်မပျော်ခင် ပိတ်ထားတဲ့ ပြတင်းပေါက်ကို လာဆွဲတဲ့အသံကြားလို့ ထကြည့်တော့ ညစောင့် တာဝန်ကျတဲ့ ဆယ်အိမ်မှူးက ဘာလဲမေးတော့ မဖြေဘူး။ အဲဒါနဲ့ အပေါက်ပြန်ပိတ်ထားလိုက်တာ။ တာဝန်ကျနှစ်ယောက်ထဲက တစ်ယောက်ကိုလည်းဖုန်းနဲ့ လှမ်းပြောထားလိုက်တယ်။ ည ၁၁ နာရီလောက်တော့ ရှိသမျှ ပြတင်းပေါက်တွေကို အားနဲ့ ဆွဲလှပ်နေတာ။ ရပ်ကွက်ဥက္ကဋ္ဌကို တခြားဆယ်အိမ်မှူးကတဆင့် လှမ်းခေါ်လို့ အချိန်နဲ့တပြေးညီရောက်လာတော့ သူကမြင်ပြီး ထွက်ပြေးသွားတာ”လို့ ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်က “ ရွာမှာ ညကိုနှစ်ယောက်စီ တာဝန်ချတာ။ အဲဒါကို တစ်ယောက်က အဲဒီအမျိုးသမီးဆီသွားတော့ အမျိုးသမီးက ကျေးရွာက ကိုဗစ်ကော်မတီကို အကြောင်းကြားတော့ လိုက်သွားကြချိန်မှာ ထွက်ပြေးသွားတယ်။ အဲဒါနဲ့ ဒီလို Quarantine လုပ်တဲ့နေရာကို ဒီလိုလုပ်တော့ ရပ်ရွာအခြေပြု COVID- 19 ရောဂါ ထိန်းချုပ်၊ ကာကွယ် စောင့်ကြည့်ရေးကော်မတီက တရားစွဲတော့ ပြစ်မှုထင်ရှားတဲ့အတွက် ထောင် ၆ လ အမိန့် ချလိုက်တယ်” လို့ပြောပါတယ်။
မြိုင်မြို့နယ် တရားရုံးက မေလ ၁၁ ရက်နေ့မှာ ရုံးတင်တရားစွဲဆိုခဲ့တာကြောင့် ကျူးကျော်သူ နိုင်လင်း အသက်(၄၁)ကို ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၆ လ အမိန့်ချခဲ့ကြောင်းသိရပါတယ်။
မြိုင်မြို့နယ်မှာ မေ ၅ ရက်ကလည်း မိုးမောက်မြို့ လွယ်ဂျယ် Quarantine စခန်းကနေ ရက်မပြည့်ဘဲ ထွက်ပြေးလာသူ တဦးကိုလည်း အဆိုပါ ဥပဒေနဲ့ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ ပါတယ်။
ကိုလင်း (ချောက်)