Home
မြန်မာသတင်း
ပဲခူးမြို့တွင် လုယက်မှု၊ ခိုးမှုများ ခပ်စိပ်စိပ်ဖြစ်လာသဖြင့် ဒေသခံများစိုးရိမ် 
DVB
·
May 12, 2020
96359054_1536776376491308_4967086603596988416_n
97372696_950758625349707_4631983226414432256_n
96518580_3005984676111455_2444392611163668480_n
96417224_3563097627039794_4591652066165784576_n
COVID-19 ကပ်ရောဂါဘေးကာလ ပဲခူးမြို့မှာ လုယက်မှု၊ ခိုးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့အပြင် မေလ ၁၁ ရက် နေ့လယ်ပိုင်းက ရွှေဆိုင်တဆိုင် လုယက်ခံ လိုက်ရပါတယ်။ မနေ့ နေ့လယ်ပိုင်းက ပဲခူးမြို့ သနပ္ပင်လမ်း ဘုရားဈေးနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယု ရတနာရွှေဆိုင်တဆိုင်မှာ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအရင် ရက်ကလည်း ပဲခူးမြို့အထွက် ကလိ မီးရထားသံလမ်းကုန်းနားမှာ ကားသမားတွေကို မနက် ၄ နာရီမထိုးခင်းအချိန်လောက်မှာ ရိုက်နှက်ပြီး ငွေကျပ် ၁၅ သိန်းလောက် အလုအယက်ခံလိုက်ရသေးတယ်လို့ ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ပဲခူးမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁  လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက ပြောပါတယ်။ ဒါ့အပြင် ဆိုင်ကယ်အခိုးခံ ရတာတွေလည်းဒီရက်ပိုင်းမှာ အများအပြား ဖြစ်နေပါတယ်။ ဒီလုယက်သူတွေဟာ ပြည်သူတွေ လိုက်လံဖမ်းဆီးတဲ့အခါ လမ်းကြောင်း ကျွမ်းကျင်ပြီး ပျောက်သွားတဲ့အတွက် ဒီလူတွေက ခိုးဆိုးနှိုက်ဂိုဏ်းကဖြစ်နိုင်သလို ဒေသခံလည်း ဖြစ်နိုင်တယ်လို့ မြို့ခံ‌တွေက ပြောပါတယ်။      ယု ရွှေဆိုင်ပိုင်ရှင်ရဲ့ ညီမဖြစ်သူ ဒေါ်နွယ်နီ က “မေလ ၁၁ ရက်နေ့ နေ့လည်က အမည်မသိ လူတယောက်က ဆိုင်ကယ်စက်မသတ်ပဲ ဆိုင်ရှေ့ရောက်လာပြီး ဆိုင်ဘယ်အချိန်ပိတ်လည်းလို့ မေးပြီး သူ့ရဲ့အင်္ကျီထဲမှာ အသင့်ပါလာတဲ့ ရဲတင်းနဲ့ ရွှေရောင်းဖို့ထည့်ထားတဲ့ မှန်ပေါင်ကို ထုခွဲပြီး ဝင်လုသွားခဲ့တာ”လို့ ပြောပြပါတယ်။ အဲဒီလုယက်သူမှာ ဆိုင်ရှင်ရဲ့ညီမနဲ့ လုံးထွေးသတ်ပုတ်စဉ် မှန်ပေါက်ကွဲရှလို့ သူ့ရဲ့လက်မှာ ဒဏ်ရာရသွားပြီး ရွှေကတော့ တမတ်သားဝန်းကျင် ရွှေဆွဲကြိုး ၃ ကုံး နဲ့ ဆွဲသီးတခု ပါသွားတယ်လို့ သိရပါတယ်။  အဲဒီလုယက်သူကို ပဲခူးမြို့ မြို့မရဲစခန်းက ရာဇသက်ကြီး ဥပဒေပုဒ်မ ၃၈၂ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။  ပဲခူးတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းအောင်က “ရဲတပ်ဖွဲ့အနေနဲ့ကတော့ ပဲခူး တတိုင်းလုံးမှာရှိတဲ့ မြို့ပေါ်လူပြတ်တဲ့ နေရာတွေမှာ လှည့်ကင်း ဝပ်ကင်းတွေလုပ်ဖို့ ဈေးတွေက ရွှေဆိုင်တွေနားမှာဆိုရင်လည်း အရပ်ဝတ်နဲ့ လူမသိအောင် ရပ်ကင်းတွေလည်း ချထားပြီး တတိုင်းလုံးက မြို့တွေမှာ အရပ်ဝတ်တွေနဲ့ ရပ်ကင်းဝပ်ကင်းတွေ ချထားကာ လုံခြုံရေးကို အထူးဆောင်ရွက်နေတယ်”လို့  ပြောပါတယ်။ ပဲခူးမြို့ပေါ်မှာ အခုလို လုယက်မှုတွေ ခိုးမှုတွေ နေ့ခင်းကြောင်တောင် ရွှေဆိုင်တွေ အလုခံရတဲ့ အခြေအနေ အထိ ဖြစ်လာတဲ့အတွက် လုံးခြုံမှု မရှိတော့ဘူးဆိုပြီး ဒေသခံတွေကြားမှာ စိုးရိမ်နေပါတယ်။   သတင်း - အောင်စိုးမိုး 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024