လျှို့ဝှက်သည်းဖို ဟောလိဝုဒ်ရုပ်ရှင်- Inheritance(နမူနာ)

သွေးပျက်ထိတ်လန့်ဖွယ် လျှို့ဝှက်သည်းဖိုရုပ်ရှင်ကားတကားဖြစ်တဲ့ Inheritance ဟာ လာမယ့် မေလ ၂၂ ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ Vertical Entertain ကနေ ဖြန့်ချိပေးသွားမှာဖြစ်ပြီး ဒါရိုက်တာ Vaughn Stein က ရိုက်ကူးပုံဖော်ပေးထားတာပါ။ ဒီကားထဲမှာတော့ ၂၀၀၈ ခုနှစ်ကာလ၊ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကို အ ခြေတည်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ ဩဇာ ကြီး မားပြီး ကြွယ်ဝချမ်းသာတဲ့ မိသားစုတစုမှ အကြီးအကဲဖြစ်တဲ့ Archer Monroe ဟာ ဇနီး ဖြစ်သူနဲ့ သမီးကို ချန်ထားခဲ့ပြီး ကွယ်လွန်သွားခဲ့ချိန်ကနေ ဇာတ်အိမ်တည်ထားခဲ့တာပါ။ အဲဒီအချိန်မှာ သမီးဖြစ်သူ Lauren အတွက် ချန်ထားခဲ့တဲ့ စာအိတ်တအိတ်ထဲမှာ ထင်မှတ် မထားတဲ့ လမ်းညွှန်ချက်တွေကတဆင့် ထူးထူးဆန်းဆန်း အကျဉ်းချ ပိတ်လှောင်ခံထားခဲ့ရတဲ့ လူတယောက်ကို တွေ့လာရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီနောက် ကွယ်က အကြောင်းကရော ဘာတွေရှိခဲ့သလဲ။ အမွေဆက်ခံမှုနဲ့ လျှို့ဝှက်ချက်တွေကြား အသက်အန္တရာယ်တွေနဲ့ မိသားစုဝင်တွေအားလုံးကို ဝန်းရံလာခဲ့ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဗြိတိန်သရုပ်ဆောင်မင်းသမီး Lily Collins ၊ သရုပ်ဆောင်မင်းသား Simon Pegg တို့က ခေါင်းဆောင်ပါဝင်ထားပြီး သူတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Connie Nielsen ၊ Chace Crawford ၊ Patrick Warburton တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၁၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Tribeca Film Festival မှာ ကနဦးပြသဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် လတ်တလော ကပ် ရောဂါတခုလို ဖြစ်လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရုပ်ရှင်ပွဲတော်ကျင်းပမယ့်ရက် ရွှေ့ဆိုင်းခဲ့တာမို့ မပြသနိုင်ခဲ့ပါဘူး။ ဘာပြီးရင် ဘာဆက်ဖြစ်လာမလဲဆိုပြီး ရင်တထိတ်ထိတ် လျှို့ဝှက်သည်းဖို ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် ဒီကားကိုတော့ Rating NR အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up