DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့တွင် တန်ဖိုးနည်းဆင်းကတ်များ စတင်ရောင်းချ
DVB
·
April 24, 2013
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ တန်ဖိုးနည်း တယ်လီဖုန်း ဆင်းကတ်တွေကို ဒီနေ့ စတင်ရောင်းချပေးနေပေမယ့် CDMA တာဝါတိုင်တခုပဲ ရှိတဲ့အတွက် လတ်တလော ဖုန်းလိုင်းတွေ ကောင်းမှာ မဟုတ်ဘူးလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

“ဖုန်းလိုင်းက လောလောဆယ် သိပ်အဆင်ပြေမယ့် အနေအထားမရှိဘူး။ လောလောဆယ် ထားဝယ်မှာက တာဝါတိုင် တခုပဲရှိတယ်။ ပြောရရင်  နောက်ထပ် တိုင်တွေ ထောင်ဖို့တော့ အစီအစဉ်ရှိတယ်။ နောက်လတွေမှာ အဆင်ပြေမယ်လို့ ထင်ပါတယ်။”

ထားဝယ်မြို့မှာ တန်ဖိုးနည်း ဆင်းကတ်တွေကို တရပ်ကွက် ၄၄ ကတ်နှုန်းနဲ့ ၁၅ ရပ်ကွက် စုစုပေါင်း ဆင်းကတ် ၆၆၀ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

“လျှောက်လွှာလျှောက်တဲ့လူတွေက တရပ်ကွက်မှာ ဆင်းကတ် ၄၄ ခုပဲရတယ်။ လစဉ်ပေးမှာလားတော့ မသိဘူး။ ကျနော်တို့ ရပ်ကွက်အနေနဲ့ ၁ လကို ၄၄ ခု ရတယ်။ လျှောက်မယ့်သူ ဦးရေကို ကျနော်တို့ မနက် ၇ နာရီထိုးကစပြီး လက်ခံပေးမယ်။ ၈ နာရီထိုးလောက် ကျနော်တို့ မဲနှိုက်ပေးပြီး မယက ရုံးမှာ ဆင်းကတ်ကို ထုတ်ခိုင်းမယ်။ ကျနော်တို့အနေနဲ့တော့ ဘာတခုမှ မကိုင်တွယ်ဘူး။ ငွေလည်း မကိုင်ဘူး။ မယက က သူတို့ဟာသူတို့ စီစဉ်ပါလိမ့်မယ်။ ကျနော်တို့က မဲနှိုက်ပေးတဲ့ အစီအစဉ်လောက်ပဲ ရှိပါတယ်။”

တန်ဖိုးနည်း ဆင်းကတ်တွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကနေ လျှောက်လွှာခေါ်ယူ မဲဖောက်ပေးပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှာ သွားရောက်ဝယ်ယူရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် တယ်လီဖုန်းဆင်းကတ်လျှောက်ထားသူတွေဟာ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မိတ္ထိအတွက် လျှောက်လွှာတစုံကို ၂၀၀ ကျပ်ပေးဆောင်ပြီး ၀ယ်ယူရတယ်လို့ သိရပါတယ်။

ထားဝယ်မြို့မှာ တန်ဖိုးနည်း ဆင်းကတ်တွေ ရောင်းချပေးမှုမှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေ မပါဝင်ကြောင်း ကြားသိရပြီး သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်း မရကြဘူးလို့ ပြောပါတယ်။

ထားဝယ် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါ်ဆောင်တဦးဖြစ်သူ ဦးကျော်သောင်းက ထားဝယ်မြို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဖုန်းလိုင်းက အရင်ကတော့ နည်းနည်းကောင်းတယ်။ အခု ဆင်းကတ်တွေ ချပေးမယ်ပြောပြီး လိုင်းက ပြတ်တောက်ပြတ်တောက်ဖြစ်နေတယ်။ ဖုန်းလိုင်း စီဒီအမ်အေက သိပ်အဆိုးကြီးတော့ မဟုတ်ဘူး။ ဂျီအက်စ်အမ်ဖုန်းလိုင်းတွေကတော့ ပြတ်တောက်ပြတ်တောက်တွေ ရှိတယ်။ တခါတလေ နှစ်ခုလုံး ပြတ်သွားတာ ရှိတယ်။ အခုလက်ရှိ ဂျီအက်စ်အမ် တာဝါတိုင်တွေတော့ ထောင်ထားတယ်၊ စီဒီအမ်အေကတော့ အရင်ကတည်းက တတိုင်ပဲရှိတယ်။ နောက်ပိုင်း သပြေချောင်းဘက်မှာ တတိုင်၊ မောင်းမကန်ဘက်မှာ တတိုင် အဲလိုလိုက်ထူနေတော့ ရှိတယ်။ တိုင်တွေ အဆင်မပြေသေးဘဲနဲ့ ဖုန်းလိုင်းတွေ ထပ်ချပေးနေတာ ပြဿနာတော့ ရှိမယ်။ လက်ရှိအနေအထားအရ တိုင်တွေလည်း မလုံလောက်ဘူး။”

တန်ဖိုးနည်း ငွေကျပ် ၁၅၀၀ တန် ဆင်းကတ်တွေ ဧပြီ ၂၄ ရက်စပြီး စတင်ရောင်းချပေးမယ်လို့ ဆက်သွယ်ရေးက ကြေညာထားပြီး ရန်ကုန်အပါအ၀င် ပြည်နယ် အတော်များများမှာ စတင်ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ငွေကျပ် ၁၅၀၀ တန် ဆင်းကတ်တွေဟာ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့်ကတ်တွေနဲ့ တယ်လီဖုန်းဆက်သွယ် ပြောဆိုခ ငွေဖြည့်မှ ဆက်သွယ်ပြောဆိုနိုင်မှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက ဧပြီ ၂၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ MEC ဆိုတာ မြ၀တီထရေးဒင်းလက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013