လက်ပန်းတောင်းတောင်တွင် ထွန်တုံး တိုက်ပွဲဆင်နွှဲ
DVB
·
April 23, 2013
လက်ပန်းတောင်းတောင်အနီးက ၀မ်ပေါင်ကုမ္ပဏီနဲ့ လုံခြုံရေး ကင်းစောင့်ဖို့အတွက် ဆောက်လုပ်ထားတဲ့ အဆောက်အအုံကြားထဲက လယ်ယာမြေတွေပေါ်မှာ မိုးကြိုးပြင်နဲ့ ဆည်တည်းရွာသားတွေက ၀င်ရောက်ထွန်ယက်ခဲ့ပြီး ထွန်တုံးတိုက်ပွဲကို ဆင်နွှဲခဲ့ပါတယ်။
ဒေသခံ ၂၀၀ ကျော်ဝန်းကျင် ပါဝင်တဲ့ လူအုပ်က လက်ပန်းတောင်းတောင်အနီးက ၀မ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတို့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကြားထဲက လယ်မြေတွေမှာ ထွန်ယက်ခဲ့တာလို့ ဒေသခံ တွေက ပြောပါတယ်။
ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ရတာနဲ့ ပတ်သက်ပြီး မိုးကြိုးပြင် အလယ်ရွာသား မောင်နိုင်က
“၁၉ ရက်နေ့က ကိုဝင်းကျော်ဆိုတဲ့သူက သူ့အကွက်မှာ လယ်သွားထွန်တယ်။ ဒါကို ကုမ္ပဏီက သိမ်းထားတဲ့မြေတွေ၊ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ စီမံကိန်းမြေဖြစ်လို့ ထွန်ခွင့်မပေးဘူး။ နောက် ဆက်ထွန်တော့ အာဏာပိုင်တွေက အင်အား ၅၀ လောက်နဲ့ ဖိအားပေးလို့ ပြန်လာခဲ့ရတယ်။ ဒီနေ့တော့ နွားအရှဉ်း ၃၀ ကျော်နဲ့ လူ ၁၀၀ လောက် ကိုဝင်းကျော် အကွက်ထဲမှာပဲ လယ်သွားထွန်ပေးကြတယ်။ ဘာလို့လဲဆိုတော့ ဒီလယ်ယာမြေဟာ ရောင်းချထားတဲ့ လယ်ယာမြေလည်း မဟုတ်ဘူး။ ပထမ ၃ နှစ်စာ သီးနှံလျော်ကြေးယူထားတာ မှန်ပေမယ့် ဒီအချိန်မှာ သီးနှံလျော်ကြေး ၃ နှစ်စာ အချိန်အကန့်အသတ် ကုန်သွားပြီ။ သူတို့က လယ်ယာမြေတွေကို အပြီးအပိုင်လျော်ကြေးတွေနဲ့ ၀ယ်တဲ့အချိန်မှာ ကိုဝင်းကျော်ကမရောင်းဘူး။ သူ့လယ်ယာမြေကို ဆက်လက်လုပ်ကိုင်စားသောက်လိုတဲ့အတွက် သူသွားထွန်တာကို တားတဲ့အတွက် ဒီနေ့တော့ သူ့ရွာမှာရှိတဲ့ တောင်သူတွေက ကိုယ်ချင်းစာတဲ့အတွက် သူတို့မှာလည်း လယ်ယာမြေတွေရှိတယ်။ ကိုဝင်းကျော်လို အဖြစ်မခံနိုင်တဲ့အတွက် ယာမြေ ၁၃ ဧကပေါ်မှာ မိုးကြိုးပြင်ရွာ ၃ ရွာကနေ ပူးပေါင်းပြီး စတင်ထွန်ယက်ခြင်းပြုလုပ်တယ်။”
ထွန်တုံးတိုက်ပွဲဆင်နွှဲတာကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက တားမြစ်ခဲ့ပေမယ့် အတင်းဝင်ရောက် ထွန်ယက်ခဲ့တဲ့အတွက် နောက်ဆုတ်သွားတယ်လို့ ပြောပါတယ်။
တွန်တုံးတိုက်ပွဲကို မနက် ၇ နာရီကျော်လောက်မှာ စတင်ခဲ့ပြီး ၁၁ နာရီမှာ ပြီးဆုံးသွားပါတယ်။
အလားတူ ဆည်တည်ရွာကလည်း လက်ပန်းတောင်းတောင်အနီးက လယ်ယာမြေတွေမှာ ထွန်ယက်ခဲ့တယ်လို့ မောင်နိုင်က ပြောပါတယ်။
ဝင်ရောက်ထွန်ယက်တဲ့ လယ်ယာမြေတွေဟာ လျော်ကြေးမရယူထားတဲ့သူတွေရဲ့ လယ်ယာမြေတွေ ဖြစ်သလို ၃ နှစ်စာ သီးနှံလျော်ကြေး ပေးထားပြီး နှစ်ပြည့်သွားတဲ့ လယ်ယာမြေ တွေပေါ်မှာ ထွန်ယက်ခဲ့တာလို့ ဆိုပါတယ်။
နောက်ရက်တွေမှာလည်း တခြားရွာက လယ်သမားတွေကလည်း လက်ပံတောင်းတောင်အနီးက လယ်ယာမြေတွေမှာ ထွန်ယက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။