အုပ်စိုးခန့် တကျော့ပြန် ဆန်းသစ်သီဆိုထားသည့် နာမည်ကြီးသီချင်း - “ပိုင်ရှင်” (ရုပ်သံ)
DVB
·
May 10, 2020

“မြို့ထဲ လမ်းမပေါ် ကားရောင်စုံများစွာ… တစီးမှကိုယ်မပိုင်ပါ… အိမ်ခန်းပေါင်း များစွာလည်း… မြို့လယ်မှာရှိတာ… တခန်းမှ မပိုင်ပါဘူး… မိန်းကလေးတွေ တကယ်ကို များ… ဘယ်သူမှ တို့မပိုင်ပါလား… အားလုံးထဲမှာ မင်းတယောက်တော့လေ… အိုး… တို့ပိုင်ဆိုင်ပါရစေ”
ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေ တချိန်က အားလုံးရဲ့ နှုတ်ဖျားမှာ ရေပန်းစား ထင်ရှားခဲ့တဲ့ သီချင်းတပုဒ်ထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။
ဒီသီချင်းကိုတော့ တေးရေး မင်းချစ်သူက ရေးစပ်ပေးထားခဲ့ပြီး အဆိုတော် ဇော်ဝင်းရှိန်က သီဆိုခဲ့တာဖြစ်ကာ လက်ရှိအချိန်ထိ ခေတ်မီနေဆဲ သီချင်းတပုဒ်ပဲ ဖြစ်ပါတယ်။
ဒီတခါမှာတော့ နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ လူငယ်အဆိုတော် အုပ်စိုးခန့်ရဲ့ တကျော့ပြန် ဆန်းသစ်သီဆိုဟန်နဲ့ ပရိသတ်တွေ ခံစားနားဆင်ကြရမှာပါ။
“ပိုင်ရှင်မရှိသေးတဲ့အချစ်ကလေးရယ်… ပိုင်ရှင် တို့ဖြစ်လိုက်ချင်ပါတယ်… ဒီကမ္ဘာ မြေထဲမှာ ရှိသမျှထဲတခုပဲ… မင်းကိုအမြဲတမ်းပိုင်ချင်တယ်… ဒီကမ္ဘာကြီးထဲမှာ ရှိသမျှထဲ တယောက်တည်း… တို့ အလိုရှိတာ မင်းပဲကွယ်။”
သရုပ်ဆောင် အဆိုတော် အုပ်စိုးခန့်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ မိန်းကလေး ပရိသတ်တွေ အများစုက ချစ်ခင်အားပေးမှုတွေ ရရှိထားသူတဦးဖြစ်ပြီး ‘ချစ်နေပြီ’ သီချင်းတပုဒ်တည်းနဲ့တင် လူသိများလာခဲ့ပြီး The Number One အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့သူ ဖြစ်ပါတယ်။
V7 Entertainment ကနေ တင်ဆက်လိုက်တဲ့ ခုသီချင်းရုပ်သံထဲမှာတော့ အုပ်စိုးခန့်နဲ့ မော်ဒယ် သင်ဇာတို့က ဇာတ်လမ်းသရုပ်ဖော်ပုံစံ ရိုက်ချက်တွေနဲ့အတူ ရန်ကုန်မြို့လယ်ကောင် မြင်ကွင်းတွေနဲ့ ရိုက်ကူးထားတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။