DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် လေပြင်းတိုက်ခတ်
DVB
·
April 23, 2013
Donate to DVB

မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီ ၂၂ ရက်ညက လေပြင်းတိုက်ခတ်မှုကြောင့် အပင်ကြီးတွေ လဲပြိုခဲ့ပြီး အိမ်တချို့ ပျက်စီးခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ငယ်တိုးတိုက်နယ် ဈေးကုန်းရပ်မှာ  ည ၁၀ နာရီဝန်းကျင်လောက်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် လူ ၂ ယောက် ဒဏ်ရာရခဲ့ပြီး အသေအပျောက်တော့ မရှိဘူးလို့ မျက်မြင်တွေက ပြောပါတယ်။

သစ်ပင်ကြီး ပိနေတဲ့သားအမိ ၂ ယောက်ကို ၃ နာရီကြာ ကယ်ထုတ်ခဲ့ရတယ်လို့ လေပြင်းတိုက်တဲ့နေရာကို သွားကြည့်ခဲ့တဲ့ အမရပူရမြို့နေ ကိုဆွေက ဒီဗွီဘီကို ပြောပါတယ်။

“ညက ၁၀ နာရီလောက် အဲကိုရောက်သွားတယ်၊ ၂ နာရီလောက်မှပြန်ရောက်တယ်။ အိမ် ၃ လုံးပျက်စီးတယ်။ ၁ အိမ်ကတော့ ပြားပြားဝပ်သွားတယ်၊ ကံကောင်းတာက အဲအိမ်က လူတွေက ခရီးထွက်သွားတော့ အသေအပျောက်မရှိလိုက်ဘူး။ အပင်က လက်ပံပင်ကြီး၊ ယောက်ျားကြီး ၇ ယောက်ဖက်စာလောက်ရှိတယ်၊ အတော်ကြီးတယ်။ နောက် ပိတ်မိနေတဲ့ သားအမိ၂ ယောက်မှာ တယောက်ကို ၁ နာရီလောက်မှာ ပြန်ထုတ်လိုက်နိုင်တယ်။ နောက်တယောက်ကို ၁ နာရီ ၁၅ မိနစ်လောက်မှာ ပြန်ကယ်လိုက်နိုင်တယ်။”

ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ တိုင်းမီးသတ်ဦးစီးမှူး ဦးကြည်တိုးက “မြေစိုက်တဲ့ အိမ် ၃ လုံးပါ။ သွပ်မိုးထရံကာ မြေစိုက်ပါ။ ကယ်ထုတ်ထားသူတွေကို မန္တလေးဆေးရုံကြီးမှာ အတွင်းလူနာအဖြစ်ကုနေတယ်။ မစိုးရိမ်ရဘူး ပြောပါတယ်။ သစ်ပင်က အိမ်ပေါ်ပြိုကျတော့ အိမ်နဲ့သစ်ပင်ကြားထဲညပ်နေတော့ ကျနော်တို့ရော၊ ကြက်ခြေနီရော၊ လူမှုရေးအသင်းရော၊ လူထုရော၊ ကရိန်းကားကလည်း လာကူတယ်။ ”

ကယ်ဆယ်ရေးမှာ မီးသတ်အပြင် ချမ်းမြသုခ လူမှုကူညီရေးအသင်းနဲ့ အမရရွှေကူ လူမှုကူညီရေးအသင်းကလည်း ကူညီခဲ့ပါတယ်။

ဒီလေပြင်းတိုက်ခတ်မှုဟာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့အတွင်း လေပြင်းတိုက်ခတ်မှု ဖြစ်ပွားပြီး ၁ ပတ်အကြာမှာ ဖြစ်ပွားခဲ့တာပါ။

ဒီလေပြင်းတွေ တိုက်ခတ်မှုနဲ့ ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က လေပြင်းတိုက်ခတ်နိုင်တဲ့ အခြေအနေနဲ့ ကြိုတင်သိရှိနိုင်မယ့် လက္ခဏာတွေကို ပြောပြပါတယ်။
“ရာသီချိန်အလိုက်ဖြစ်တာပေါ့။ ဒီအချိန်က မြန်မာနိုင်ငံမှာ ဧပြီ ၁၅ ကနေ မေလအလည်လောက်ထိ ရက် ၃၀ မိုးကြိုကာလလို့ခေါ်တယ်လေ။ မိုးတိမ်တောင်ဖြစ်ဖို့ potential က များတယ် လောလောလဆယ်မှာ။ မိုးတိမ်တောင်တွေက မွန်းလွဲညနေပိုင်းတွေမှာ အားကောင်းတတ်တယ်။ မိုးတိမ်တောင်ဆိုတာက အောက်ခြေ ပေ ၁၅၀၀ လောက်ထိနိမ့်တယ်။ အပေါ်က ၅ သောင်းလောက်ထိမြင့်တယ်။ ကိုယ်နဲ့နီးတယ်၊ အန္တရာယ်ရှိနိုင်တယ်ဆိုရင် အသိသာထင်ရှားဆုံးကတော့ လျှပ်စီးလက်တာတွေ့မယ်၊ မိုးခြိန်းသံကြားရမယ်။ ပထမ လျှပ်စီးလက်တာတွေ့မယ်၊ မိုးခြိမ်းသံမကြားရင်တော့ နည်းနည်း အန္တရာယ်ကင်းပါတယ်။ မိုးခြိမ်းသံကြားရင်တော့ မိမိနေထိုင်ရာအရပ်နဲ့ ကြားတဲ့သူနဲ့က တော်တော်လေး နီးသွားပြီ။ သိပ္ပံလိုဆိုရင်တော့ ၄ မိုင်ထက် မဝေးတော့ဘူး။ ဒါမျိုးက အန္တရာယ်ပိုရှိပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013