ရေကြည်မြို့ စောင့်ကြည့်စင်တာတွင် မနေသည့် အမျိုးသားတဦးကို ထောင်ဒဏ် ၁ လ ချမှတ်

ရန်ကုန်တိုင်း အလုပ်လုပ်ပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ကို ပြန်လာသူတဦး စောင့်ကြည့်စင်တာမှာ မနေထိုင်တာကြောင့် ထောင်ဒဏ် ၁ လချမှတ်ခဲ့တယ်လို့ ရေကြည်မြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။ ရေကြည်မြို့နယ် နတ်စင်ငူကျေးရွာကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အလုပ်လုပ်ကိုင်ပြီး ပြန်လာတဲ့ အသက် ၃၀ နှစ်အရွယ် တင်အောင်ဝင်းဟာ Community Beased Facility Quarantine မှာနေထိုင်ဖို့ တာဝန်ရှိသူတွေက ပြောဆိုတာကို လက်မခံတာကြောင့် ရေကြည်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ရာ ထောင်ဒဏ် ၁ လ ပြစ်ဒဏ် ချမှတ်ခဲ့တာလို့ နတ်စင်ငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။ "ရန်ကုန်မှာ သွားအလုပ်လုပ်တာ သူက တခါတလေမှ ပြန်လာတာပါ။ ၇ ရက်နေ့ပြန်လာတော့ သူ့ကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေကို Quarantine မှာ နေဖို့ သွားခေါ်ပါတယ်။ ဒါကို လက်မခံလို့ ခုလိုတရားစွဲခံရတာပါ။" ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ရန်ကုန်တိုင်းက ပြန်လာသူတွေကို Community Beased Facility Quarantine မှာ နေထိုင်ဖို့ တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ် တုံ့ပြန်ရေးအဖွဲ့က ဧပြီလ တတိယပတ်က စတင်အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ COVID-19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း စောင့်ကြည့်စင်တာမှာ နေဖို့ငြင်းဆန်လို့ ကူးစက်ရောဂါတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်တာဟာ ရေကြည်မြို့နယ်မှာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။ သတင်း - မင်းထက်မုန်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up