ကိုဗစ်-၁၉ အတည်ပြုလူနာများတွင် ဖျားခြင်း၊ ချောင်းခြောက်ဆိုးခြင်း အများဆုံးတွေ့ရ
DVB
·
May 9, 2020
မြန်မာနိုင်ငံက ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေမှာ ဖျားတာနဲ့ ချောင်းခြောက်ဆိုးတာကို အများဆုံးတွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းလေ့လာထားတာ၊ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ ထုတ်ပြန်ချက်နဲ့ နှိုင်းယှဉ်ရာမှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားသူတွေဟာ တချို့လက္ခဏာ ဖြစ်နှုန်းကွာခြားတာကို တွေ့ရပါတယ်။
ဖျားတာနဲ့ ချောင်းခြောက်ဆိုးတာဟာ တခြားလေ့လာချက်တွေမှာလိုပဲ အမြင့်ဆုံးမှာ ရှိနေပေမယ့် ရာခိုင်နှုန်းအရ နည်းပြီး ဖျားတာက ၇၃ ရာခိုင်နှုန်းလောက်၊ ချောင်းခြောက်ဆိုးတာက ၄၉ ရာခိုင်နှုန်းလောက်မှာပဲ ဖြစ်ပေါ်ပါတယ်။
ကိုယ်လက်မအီမသာဖြစ်တာ၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေနာကျင်တာကတော့ လူနာတွေရဲ့ ၁၃ ရာခိုင်နှုန်းမှာပဲ ဖြစ်ပြီး ဒါကလည်း တခြားလေ့လာချက်တွေနဲ့ယှဉ်ရင်ဖြစ်နှုန်းက တော်တော်ကို နည်းပါးပါတယ်။ မောပန်းတာကတော့ ၂၁ ရာခိုင်နှုန်းမှာဖြစ်ကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းလေ့လာထားတာထက် နည်းနည်းပိုဖြစ်တာကို တွေ့ရပါတယ်။
ထူးခြားတာကတော့ လည်ချောင်းနာတာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းလေ့လာထားတာမှာ ၁၃ ဒသမ ၉ ရာခိုင်နှုန်းမှာဖြစ်တတ်ပြီး အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ ထုတ်ပြန်ချက်မှာတော့ ၁၀ အောက်မှာမှ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ၁၈ ရာခိုင်နှုန်းမှာ ဖြစ်နေတာကို တွေ့ရပါတယ်။ ပြီးတော့ မူးဝေအော့အန်တာနဲ့ ဝမ်းလျှောတာကလည်း အဲဒီလေ့လာထုတ်ပြန်ချက်တွေထက် ပိုဖြစ်တာကို တွေ့ရပြီး မြန်မာနိုင်ငံမှာ ၁၁ ရာခိုင်နှုန်းမှာ ဖြစ်နေပါတယ်။
ပြီးတော့ နှာခေါင်းပိတ်တာ၊ နှာချေတာနဲ့ နှာစေးတာဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်နိုင်ငံတို့ ပူးပေါင်းလေ့လာထားတာမှာ ၄ ဒသမ ၈ ရာခိုင်နှုန်းမှာဖြစ်တတ်ပြီး အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ ထုတ်ပြန်ချက်မှာတော့ ၁၀ အောက်မှာမှ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ၁၃ ရာခိုင်နှုန်းမှာ ဖြစ်နေတာကို တွေ့ရပါတယ်။
အနံ့ အရသာ အာရုံခံစားမှု ပျောက်တာကတော့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ ထုတ်ပြန်ချက်မှာ ၈၈ ရာခိုင်နှုန်းအထိ ဖြစ်တတ်တယ်လို့ ဆိုပေမယ့် မြန်မာနိုင်ငံမှာတော့ ၁၀၀ မှာ ၉ ယောက်ပဲ ဖြစ်တတ်တာကို တွေ့ရပါတယ်။
ကိုဗစ်-၁၉ ဖြစ်သူတယောက်အနေနဲ့ အဲဒီလက္ခဏာတွေထဲက တခုနဲ့ တခုမကဖြစ်တတ်ပြီး ဒါတွေကို သိထားမှ ကိုယ့်မှာ ဖြစ်၊ မဖြစ်ကို ခန့်မှန်းနိုင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆိုပါတယ်။