DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်အစိုးရက ဒုက္ခသည်များအတွက် ထောက်ပံ့
DVB
·
April 23, 2013
Donate to DVB

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား ဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် ရှမ်းပြည်နယ်အစိုးရက ငွေနဲ့စားနပ်ရိက္ခာ အသုံးအဆောင်တွေ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

ပြည်နယ်အစိုးရကိုယ်စား တန့်ယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နဲ့ တာဝန်ရှိသူတွေ တန့်ယန်းမြို့ပေါ် အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ စစ်ပြေးဒုက္ခသည်တွေအတွက် လာလှူသွားတယ်လို့ ဒုက္ခသည်ကူညီရေး ကော်မတီအဖွဲ့ဝင် လူငယ်တဦးက ပြောပါတယ်။

“ရှမ်းပြည်နယ်အစိုးရ ထောက်ပံ့တာက ဆန်၊ ဆီ၊ ဆား၊ ရိက္ခာတွေပေါ့။ ငွေကြေးကတော့ သိန်း ၆၀ ကျော်တယ်။ တန့်ယန်းက စေတနာရှင်တွေလည်း လာလှူသွားကြတယ်။ ခရိုင်၊ မြို့နယ်နဲ့ တခြား ဌာနဆိုင်ရာအဖွဲ့အစည်းတွေလည်းပါတယ်။ ဆန်တို့၊ ပစ္စည်းတွေလာတယ်။ ဒုက္ခသည်စခန်းကူညီနေတဲ့ အဖွဲ့နဲ့ ဌာနပေါင်းစုံနဲ့ အစည်းအဝေးထိုင်ဖြစ်တယ်။ ရေရှည် ဒုက္ခသည်တွေကိုကူညီဖို့ ကော်မတီကို တရားဝင်ပြန်ဖွဲ့လိုက်တာပါ။”

ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့  ဒုက္ခသည်များကူညီကယ်ဆယ်ရေးကြီးကြပ်ရေးကော်မတီ ထဲမှာ မြို့နယ်အုပ်ချုပ်ရေးကော်မတီဝင်၊ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဝင်၊ ရပ်မိရပ်ဖတွေနဲ့ လူမှုရေးအဖွဲ့တွေ ပါဝင်ပြီး  ဒုက္ခသည်တွေကို ဒီထက်ပိုပြီး စနစ်တကျ ကူညီနိုင်မယ်လို့ ဆိုပါတယ်။

တန့်ယန်းမြို့နယ် လွိုင်စေး၊ လွိုင်လန်းဘက်မှာ ရှမ်းပြည်တပ်မတော်ဘက်ကလည်း အခုချိန်ထိ မဆုတ်ခွာသလို အစိုးရတပ်ကလည်း တပ်မဆုတ်သေးတဲ့အတွက် တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်နိုင်ကြောင်း၊ နောက်ဆက်တွဲ စစ်ဘေးရှောင် ဒုက္ခသည်တွေလည်း ထပ်များလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကော်မတီ ဖွဲ့စည်းရတာလို့ ပြောပါတယ်။

မနေ့ကအထိ ဒုက္ခသည် ၄၀ နီးပါး ထပ်ရောက်လာတဲ့အတွက် ဒုက္ခသည်ဦးရေ စုစုပေါင်း ၅၀၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ၁၂ နှစ်အောက် ကလေးငယ် တ၀က်လောက် ပါကြောင်း၊ လောလောဆယ် စားသောက်ဖို့ လုံလောက်ပေမယ့် နေထိုင်ရေးအတွက် ဘုန်းကြီးကျောင်းနားမှာ တဲတွေ ထပ်ထိုးပေးဖို့ အမိုးအကာနဲ့ အခင်းတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်အကူညီပေးရေးအဖွဲ့ဝင် လူငယ်က ပြောပါတယ်။

မတ်လက စပြီးဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ ရွာထဲကို လက်နက်ကြီးကျတာ၊ လူတွေ ထိမှန်တာ၊  စစ်တပ်က ခြိမ်းခြောက်မေးမြန်းတာနဲ့ အကာအကွယ်အဖြစ်  ရှေ့ကနေ လိုက်ပို့ခိုင်းတာတွေကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးနေတဲ့ ရွာသားပေါင်း ၂ ထောင် လောက်ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ပြောပါတယ်။

အဲဒီလူတွေဟာ တန့်ယန်းမြို့နယ် လွယ်စေးကျေးရွာအုပ်စုထဲမှာပါတဲ့ ရွာပေါင်း ၁၆ ရွာက ဖြစ်ပြီး ရှမ်း၊ လားဟူး၊ လီရှော့၊ လွယ်လနဲ့ တအာင်း တိုင်းရင်းသားတွေ ပါဝင်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013