Home
မြန်မာသတင်း
အေးကျွန်းကျေးရွာအနီးတွင် သေဆုံးနေသည့် ဧရာဝတီလင်းပိုင် ၁ ကောင် တွေ့ရှိ
DVB
·
May 9, 2020
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းက အေးကျွန်းကျေးရွာအနီးမှာ သေဆုံးနေတဲ့ ဧရာဝတီလင်းပိုင်တကောင်ကို မေ ၇ ရက်နေ့ မနက်ပိုင်းမှာ ခရီးသွားတဦးက တွေ့ရှိခဲ့ပါတယ်။  အလျား ၇ ပေ ၃ လက်မ၊ ခန္ဓာကိုယ်လုံးပတ် ၄ ပေ ၆ လက်မရှိပြီး အသက်ကြီးလို့ သေဆုံးတာဖြစ်နိုင်သလို လူ့ပယောဂကြောင့် သေဆုံးတာလည်း ဖြစ်နိုင်တယ်လို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်းက ပြောပါတယ်။  “သွားတွေကတော့ နည်းနည်းတော့ တုံးနေပြီ။ ကျွတ်ထွက်သွားတာတွေ ဘာတွေတော့ မရှိဘူး။ တခြားပြင်ပဒဏ်ရာကတော့ ကြီးကြီးမားမား မရှိဘူး။ အစာအိမ်ထဲမှာ အစာတွေ ဘာတွေ တွေ့တယ်ဆိုတော့။ ကျနော်တို့ကတော့ တပိုင်းကတော့ ကောက်ချက်ချလို့ရတာက အသက်ကြီးလို့ သေတာလည်း ဖြစ်ရင်ဖြစ်နိင်တာပေါ့နော်။ သွားတော့ တိုတယ်။ ဒါပေမဲ့ စုံသေးတယ်။ သက်ကြီးကောင်အဆင့် ဝင်တယ်လို့ မှန်းတယ်လို့ ပြောလို့ရတာပေါ့နော်။” ဘက်ထရီရှော့တိုက် ငါးဖမ်းစက်လှေတွေအနေနဲ့ ညမထွက်ရအမိန့်ထုတ်ထားပေမယ့် မြစ်အတွင်းမှာ  ငါးဖမ်းစီးတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။  “ကျနော်တို့လည်း ပညာပေးခရီးစဉ်တွေ ကိုဗစ်နည်းနည်းလေး အကန့်သတတ်ဖြစ်နေတော့ မထွက်နိုင်ဘူးဗျ။ အဲ့တော့ ဘက်ထရီရှော့သမားတွေ နည်းနည်းလေး ဦးမော့လာတဲ့ သဘောမှာတော့ရှိတယ်၊ အရင်ထက်စာလို့ရှိရင်။ ဒေသခံတွေကလည်း ပြောတယ်။ အဲ့တော့ ကျနော်တို့နဲ့အတူတူ အေးကျွန်းရွာသားတွေကို မေးကြည့်တော့ ညဘက်မထွက်ရဘူးဆိုသော်ငြားလည်း မြစ်ထဲမှာတော့ ဖြတ်သွားဖြတ်လာ လှေသံတွေကကြားနေတာပေါ့။ ဘက်ထရီရှော့တိုက်လှေသံတွေလည်း ဖြစ်နိုင်တယ်။” COVID-19 ရောဂါကြောင့် ဌာနဆိုင်ရာတွေ ယာယီပိတ်ထားချိန်မှာ ဘက်ထရီရှော့တိုက် ငါးဖမ်းစက်လှေတွေ ပိုများပြားလာတာဖြစ်ပြီး တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးကိုင်တွယ်ပေးဖို့ လိုအပ်တယ်လို့  အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။   Green World Alliance အဖွဲ့မှ ဦးမောင်မောင်ဦးက “နိုင်ငံ့အနေအထားရ ဒီကပ်ကြီးက အရေးကြီးတယ်ဆိုတာ နားလည်ပါတယ်။ အားလုံးအလုပ်ရှုပ်နေကြတာလည်း သိပါတယ်။ ဒါပေမဲ့ ဒီလင်းပိုင်ကိစ္စမှာ တာဝန်ရှိသူတွေက မျက်နှာမလွှဲကြဖို့ ဖိဖိစီစီး ကိုင်တွယ်ကြဖို့ တိုက်တွန်းပါတယ်။  လင်းပိုင်တွေဟာ ခုလိုရေနည်းချိန်ဟာ ပိုပြီးတော့သေတတ်ပါတယ်” လို့ ပြောပါတယ်။  ဧရာဝတီလင်းပိုင်စာရင်း ကောက်ယူမှုတွေကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေးဌာနတို့ကနေ ပူးပေါင်းပြီး ၂၀၀၂ ခုနှစ်က စတင်ကာ  နှစ်စဉ် စစ်တမ်းကောက်ယူပါတယ်။  ၂၀၁၉ ခုနှစ်က ၇၂ ကောင်သာရှိခဲ့ပြီး အခုနှစ် ၂၀၂၀ ဖေဖော်ဝါရီလမှာတော့ ၇၉ ကောင်ထိ ရှိတယ်လို့ ဆိုပါတယ်။‌ သတင်း - ကျော်ဇေ၊ ဓာတ်ပုံ - WCS Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024